Atomic Habits
စာအုပ်အနှစ်ချုပ်
Atomic Habits ဟာ Atomic Habits ကို James Clear က ရေးသားပြီး ၂၀၁၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အလေ့အကျင့်ပြောင်းလဲခြင်းဆိုင်ရာ စာအုပ်တစ်အုပ်နဲ့အရောင်းရဆုံးစာအုပ်တစ်အုပ်လဲ ဖြစ်ပါတယ်။
စာရေးသူ James Clear ကိုယ်တိုင် ဆယ်ကျော်သက်အရွယ်မှာ ကစားရင်း ဒါဏ်ရာရရာမှ ဦးနှောက်ထိကာ အတတ်မေ့ရာကနေ ပြန်ကောင်းလာတဲ့ မိမိဘဝ အတွေ့အကြုံကို အခြေခံပြီး ရေးသားထားတာဖြစ်ပါတယ်။
စာအုပ်ရဲ့ အဓိကအယူအဆကတော့
ဘဝကို ကြီးမားစွာ ပြောင်းလဲဖို့ ကြီးမားတဲ့အပြောင်းအလဲတွေ အမြဲတမ်း လုပ်စရာမလိုပါဘူး။ နေ့စဉ် သေးငယ်တဲ့ အလေ့အကျင့်ကောင်းတွေကို မှန်မှန်ပြုလုပ်သွားခြင်းက အချိန်ကြာလာတဲ့အခါ ကြီးမားတဲ့ ရလဒ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
၁။ သေးငယ်တဲ့အပြောင်းအလဲတွေရဲ့ စွမ်းအား
James Clear က အောင်မြင်မှုကို တစ်ခါတည်း ကြီးကြီးမားမား ပြောင်းလဲလိုက်ခြင်းထက် နေ့စဉ် နည်းနည်းစီ ပိုကောင်းလာအောင် လုပ်ခြင်း နဲ့ ဆက်စပ်ရှင်းပြပါတယ်။
ဥပမာ
တစ်နေ့ကို စာအုပ် ၅ မျက်နှာဖတ်တာက အဲဒီနေ့မှာ ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုလို မမြင်ရနိုင်ပါဘူး။ ဒါပေမယ့် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ဆက်လုပ်သွားရင် စုဆောင်းရရှိလာတဲ့ ဗဟုသုတဟာ အလွန်ကြီးမားလာနိုင်ပါတယ်။
အလေ့အကျင့်တွေဟာ compound interest လိုပါပဲ။ သေးငယ်တဲ့လုပ်ရပ်တွေ စုဆောင်းလာပြီး အချိန်ကြာလာတဲ့အခါ အကျိုးသက်ရောက်မှု ကြီးမားလာပါတယ်။
၂။ Goals ထက် Systems ကို အာရုံစိုက်ပါ
စာအုပ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး အယူအဆတစ်ခုက Goal (ပန်းတိုင်) နဲ့ System (လုပ်ဆောင်မှုစနစ်) တို့ရဲ့ ကွာခြားချက်ပါ။
Goal ဆိုတာ “ငါ ဘယ်ကိုရောက်ချင်သလဲ” ဆိုတာဖြစ်ပြီး၊ System ဆိုတာ “အဲဒီကိုရောက်ဖို့ နေ့တိုင်း ဘယ်လိုနေထိုင်၊ ဘယ်လိုလုပ်ဆောင်မလဲ” ဆိုတာ ဖြစ်ပါတယ်။
ဥပမာ
“ဒီနှစ် စာအုပ် ၂၀ အုပ်ဖတ်မယ်” ဆိုတာ Goal ဖြစ်ပါတယ်။ “ညတိုင်း အိပ်ရာမဝင်ခင် မိနစ် ၂၀ စာဖတ်မယ်” ဆိုတာ System ဖြစ်ပါတယ်။
ရလဒ်ကိုသာ စောင့်ကြည့်နေခြင်းထက် ရလဒ်ဖြစ်ပေါ်လာစေမယ့် နေ့စဉ်စနစ်ကို တည်ဆောက်ဖို့ စာရေးသူက အလေးပေးပါတယ်။
၃။ ကိုယ်ဖြစ်ချင်တဲ့ “လူ” ဖြစ်ဘို့ အခြေခံပြီး အလေ့အကျင့်တည်ဆောက်ပါ
စာအုပ်ရဲ့ ပိုနက်ရှိုင်းတဲ့ အယူအဆက Identity-Based Habits ဖြစ်ပါတယ်။
“စာအုပ်တစ်အုပ်ပြီးအောင် ဖတ်မယ်” ဆိုတာထက်
“ငါဟာ စာဖတ်တဲ့သူတစ်ယောက် ဖြစ်တယ်” လို့ ကိုယ့်ကိုယ်ကို မြင်လာဖို့ ဖြစ်ပါတယ်။
“ကိုယ်အလေးချိန်လျှော့မယ်” ဆိုတာထက်
“ငါဟာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တဲ့သူတစ်ယောက် ဖြစ်တယ်” ဆိုတဲ့ identity ကို တည်ဆောက်ခြင်းမျိုးပါ။
နေ့စဉ်လုပ်ရပ်အသေးလေးတိုင်းဟာ “ငါဘယ်လိုလူမျိုးဖြစ်လာချင်သလဲ” ဆိုတဲ့ identity ကို တဖြည်းဖြည်း အားကောင်းစေပါတယ်။
၄။ အလေ့အကျင့်ကောင်းတည်ဆောက်ဖို့ စည်းမျဉ်း ၄ ချက်
James Clear က အလေ့အကျင့်ကောင်းတစ်ခု တည်ဆောက်ဖို့ Four Laws of Behavior Change ကို ဖော်ပြထားပါတယ်။
Make it obvious — မြင်သာ ထင်ရှားအောင်လုပ်ပါ။
လုပ်ချင်တဲ့အရာကို မြင်သာတဲ့နေရာမှာ ထားပါ။ စာဖတ်ချင်ရင် စာအုပ်ကို အိပ်ရာဘေးမှာထားတာမျိုးပါ။Make it attractive — စိတ်ဝင်စားချင်စရာ ဖြစ်အောင်လုပ်ပါ။
အလေ့အကျင့်အသစ်ကို ကိုယ်နှစ်သက်တဲ့အရာတစ်ခုနဲ့ ချိတ်ဆက်ပါ။Make it easy — လွယ်ကူအောင်လုပ်ပါ။
အစပိုင်းမှာ အများကြီးမလုပ်ဘဲ အလွန်သေးငယ်စွာ စတင်ပါ။ “နေ့တိုင်း တစ်နာရီစာဖတ်မယ်” ထက် “နေ့တိုင်း ၂ မိနစ်စာဖတ်မယ်” လို့ စတင်နိုင်ပါတယ်။Make it satisfying — ကျေနပ်အားရစရာ ဖြစ်အောင်လုပ်ပါ။
လုပ်ပြီးတဲ့အခါ တိုးတက်မှုကို မှတ်သားတာ၊ calendar မှာ အမှန်ခြစ် လုပ်တာမျိုးက ဆက်လုပ်ချင်စိတ်ကို ဖြစ်စေပါတယ်။
အကျင့်ဆိုးတစ်ခုကို ဖြတ်ချင်ရင်တော့ ဒီစည်းမျဉ်းတွေကို ပြောင်းပြန်အသုံးချနိုင်ပါတယ်—မမြင်သာအောင်၊ မဆွဲဆောင်အောင်၊ လုပ်ရခက်အောင်၊ မကျေနပ်စရာဖြစ်အောင် ဖန်တီးခြင်းပါ။
၅။ Motivation တစ်ခုတည်းကို အားမကိုးပါနဲ့
လူတွေက အလေ့အကျင့်ပြောင်းဖို့ စိတ်တက်ကြွမှု (motivation) လိုတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ဒီစာအုပ်က စိတ်တက်ကြွမှု (motivation) ထက် ပတ်ဝန်းကျင်ကို စနစ်တကျ ပြင်ဆင်ထားခြင်း ရဲ့ အရေးပါမှုကို ထောက်ပြပါတယ်။
ကိုယ်လုပ်ချင်တဲ့အရာကို လွယ်ကူအောင်၊ မလုပ်ချင်တဲ့အရာကို ခက်ခဲအောင် မိမိအခြေအနေ ပတ်ဝန်းကျင်ကို ပြင်ဆင်ထားနိုင်ပါတယ်။
ဥပမာ
ဖုန်းသုံးချိန်လျှော့ချင်ရင် ဖုန်းကို ကိုယ့်ဘေးမှာထားပြီး စိတ်အားနဲ့ပဲ ထိန်းချုပ်နေမယ့်အစား စာဖတ်ချိန်မှာ အခြားအခန်းထဲ ထားလိုက်တာက ပိုထိရောက်နိုင်ပါတယ်။
၆။ အောင်မြင်မှုဟာ ချက်ချင်းမမြင်ရနိုင်ပါဘူး
အလေ့အကျင့်ကောင်းတွေ စလုပ်ပြီး မကြာခင် ရလဒ်မမြင်ရတဲ့အခါ လူတော်တော်များများ လက်လျှော့တတ်ကြပါတယ်။
ဒါပေမယ့် အပြောင်းအလဲတွေဟာ အတွင်းမှာ တဖြည်းဖြည်း စုဆောင်းနေပြီး အချိန်တစ်ခုရောက်မှ ရလဒ်အဖြစ် ထင်ရှားလာတတ်ပါတယ်။ ဒါကြောင့် ချက်ချင်းရလဒ်မမြင်ရခြင်းဟာ တိုးတက်မှုမရှိခြင်းနဲ့ မတူပါဘူး။
…………………………………………………….x x x x x x x x x x. x x x x. x x x x x x x………………………………………………..
ကျွန်မအတွက် ဒီစာအုပ်ရဲ့ အဓိကသင်ခန်းစာ
Atomic Habits က ကျွန်မတို့ကို “ဘဝကို တစ်ရက်တည်းနဲ့ ဘယ်လိုပြောင်းမလဲ” ဆိုတဲ့ မေးခွန်း မေးမယ့်အစား
“ဒီနေ့ကစပြီး ကိုယ်ဖြစ်ချင်တဲ့လူတစ်ယောက် ဖြစ်လာဖို့ ဘယ်လိုအလေ့အကျင့်အသေးလေးတစ်ခုနဲ့ဖြစ်ဖြစ် စတင်နိုင်မလဲ”
ဆိုတဲ့ မေးခွန်းကို မေးစေပါတယ်။
ဘဝကို ပြောင်းလဲစေတဲ့အရာဟာ တစ်ခါတလေ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ဘဲ နေ့စဉ် ထပ်ခါထပ်ခါ ပြုလုပ်နေတဲ့ သေးငယ်တဲ့အရာတွေ ဖြစ်ပါတယ်။
လူငယ်တွေဖတ်သင့်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်?
Clear, James. Atomic Habits. Avery, 2018.