The Book of Joy: Lasting Happiness in a Changing World
Dalai Lama, Desmond Tutu & Douglas Abrams
စာအုပ်အကြောင်းအကျဉ်းချုပ်
The Book of Joy: Lasting Happiness in a Changing World ဟာ ကမ္ဘာကျော် ဘာသာရေးနဲ့ ဝိညာဉ်ရေးခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ His Holiness the Dalai Lama နဲ့ Archbishop Desmond Tutu တို့ရဲ့ ဆွေးနွေးမှုတွေကို စာရေးဆရာ Douglas Abrams က စုစည်းရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ရဲ့ အဓိကမေးခွန်းက ရိုးရှင်းပေမယ့် အလွန်နက်ရှိုင်း လေးနက်ပါတယ်။
“ဒုက္ခဆင်းရဲမှုတွေ မလွဲမသွေရှိနေတဲ့ လူ့ဘဝထဲမှာ စစ်မှန်တဲ့ပျော်ရွှင်ခြင်းကို ဘယ်လိုရှာဖွေနိုင်မလဲ?”
ဒီမေးခွန်းကို ဖြေဖို့အတွက် ဒုက္ခအကြောင်း စာအုပ်ထဲကနေသာ လေ့လာထားသူနှစ်ယောက် စကားပြောကြတာ မဟုတ်ပါဘူး။
Dalai Lama ဟာ ကိုယ့်မွေးရပ်မြေကနေ စွန့်ခွာပြီး exile ပြည်ျပြးဘဝနဲ့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသူ ဖြစ်ပါတယ်။
Desmond Tutu ကလည်း တောင်အာဖရိကနိုင်ငံရဲ့ Apartheid လူမျိုးရေးခွဲခြားမှုနဲ့ မတရားဖိနှိပ်မှု တွေကို ကိုယ်တိုင်ကြုံတွေ့ပြီး ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။
ဒါကြောင့် The Book of Joy ဟာ
“ဘဝအဆင်ပြေရင် ဘယ်လိုပျော်ရွှင်မလဲ”
ဆိုတာထက်
“ဘဝအဆင်မပြေတဲ့အချိန်မှာတောင် ဘယ်လိုပျော်ရွှင်ခြင်းနဲ့ မျှော်လင့်ခြင်းကို မပျောက်ဆုံးစေဘဲ နေထိုင်နိုင်မလဲ”
ဆိုတာကို ရှာဖွေထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
စာအုပ်ဖြစ်လာပုံ
၂၀၁၅ ခုနှစ် ဧပြီလမှာ Archbishop Desmond Tutu ဟာ Dalai Lama ရဲ့ အသက် ၈၀ ပြည့်မွေးနေ့အတွက် အိန္ဒိယနိုင်ငံ Dharamsala ကို သွားရောက်ခဲ့ပါတယ်။
အဲဒီမှာ သူတို့နှစ်ယောက်ဟာ ရက်အတော်ကြာအတူနေပြီး
ပျော်ရွှင်ခြင်း၊ ဒုက္ခ၊ ကြောက်ရွံ့ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်း၊ နာမကျန်းခြင်း၊ သေခြင်းနဲ့ ခွင့်လွှတ်ခြင်း
စတဲ့ လူသားတွေရဲ့ဘဝမှာ ရှောင်လွှဲလို့မရတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ထူးခြားတာက သူတို့နှစ်ယောက်ဟာ ဘာသာတရားမတူကြပါဘူး။
တစ်ယောက်က ဗုဒ္ဓဘာသာဝင်၊
တစ်ယောက်က ခရစ်ယာန်ဘုန်းတော်ကြီး ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ ဆွေးနွေးမှုထဲမှာ တွေ့ရတာက
လူသားတွေရဲ့ ပျော်ရွှင်ခြင်း၊ နာကျင်ခြင်း၊ မေတ္တာ၊ ကရုဏာနဲ့ မျှော်လင့်ခြင်းတွေဟာ ဘာသာရေးနယ်နိမိတ်တွေကို ကျော်လွန်ပြီး လူသားအားလုံးနဲ့ သက်ဆိုင်နေတယ်ဆိုတာ ဖြစ်ပါတယ်။
စာအုပ်ရဲ့ အပိုင်း (၁)
The Nature of True Joy - စစ်မှန်တဲ့ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ?
စာအုပ်ရဲ့ ပထမပိုင်းမှာ Joy ဆိုတာ ဘာလဲ? ဆိုတာကို ဆွေးနွေးပါတယ်။
လူအများက ပျော်ရွှင်မှုကို ပြင်ပအခြေအနေတွေနဲ့ ချိတ်ဆက်ပြီးတွေးတတ်ကြပါတယ်။
ငွေရှိရင် ပျော်မယ်။
အောင်မြင်ရင် ပျော်မယ်။
ကိုယ်လိုချင်တာရရင် ပျော်မယ်။
ကျန်းမာနေရင် ပျော်မယ်။
ပြဿနာမရှိရင် ပျော်မယ်။
ဒါပေမယ့် Dalai Lama နဲ့ Desmond Tutu တို့ရဲ့ အမြင်မှာ စစ်မှန်တဲ့ Joy ဟာ ဒီထက်ပိုနက်ရှိုင်းပါတယ်။
ပြင်ပအခြေအနေတွေ အမြဲကောင်းမွန်နေဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။
ချစ်ရသူတွေကို ဆုံးရှုံးရနိုင်တယ်။
ဖျားနာနိုင်တယ်။
မတရားမှုတွေ ကြုံတွေ့နိုင်တယ်။
အိပ်မက်တွေ ပျက်စီးနိုင်တယ်။
အသက်ကြီးလာမယ်။
နောက်ဆုံးမှာ သေခြင်းတရားကိုလည်း ရင်ဆိုင်ရမယ်။
ဒါကြောင့် ပျော်ရွှင်ခြင်းကို အပြင်ပန်းအခြေအနေတွေပေါ်မှာပဲ တည်ဆောက်ထားမယ်ဆိုရင် အဲဒီပျော်ရွှင်ခြင်းဟာ အလွန်လွယ်ကူစွာ ပျောက်ဆုံးနိုင်ပါတယ်။
အဲဒါကြောင့် ဒီစာအုပ်က သင်ပေးတဲ့အရာကတော့
စစ်မှန်တဲ့ပျော်ရွှင်ခြင်းဟာ ကိုယ့်အတွင်းစိတ်မှာ တည်ဆောက်ရတဲ့အရာ ဖြစ်ပါတယ်။
စာအုပ်ရဲ့ အပိုင်း (၂)
The Obstacles to Joy - ပျော်ရွှင်ခြင်းကို တားဆီးနေတဲ့အရာတွေ
စာအုပ်ရဲ့ ဒုတိယပိုင်းမှာ လူတွေရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးတတ်တဲ့ စိတ်ခံစားချက်နဲ့ ဘဝအခြေအနေတွေကို ဆွေးနွေးထားပါတယ်။
အဲဒီထဲမှာ
Fear - ကြောက်ရွံ့ခြင်း
Stress and Anxiety - စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု
Frustration and Anger - စိတ်ပျက်ခြင်းနဲ့ ဒေါသ
Sadness and Grief - ဝမ်းနည်းမှုနဲ့ ပူဆွေးမှု
Despair- မျှော်လင့်ချက်မဲ့ခြင်း
Loneliness - အထီးကျန်ခြင်း
Envy - မနာလိုခြင်း
Suffering and Adversity - ဒုက္ခနဲ့ အခက်အခဲ
Illness and Fear of Death - နာမကျန်းမှုနဲ့ သေခြင်းကို ကြောက်ရွံ့ခြင်း
တို့ ပါဝင်ပါတယ်။
ဒီနေရာမှာ ဒီစာအုပ်ရဲ့အမြင်က အရေးကြီးပါတယ်။
“မဝမ်းနည်းနဲ့။”
“မကြောက်နဲ့။”
“ဒေါသမထွက်နဲ့။”
ဆိုပြီး လက်လွတ်စပယ် မပြောပါဘူး။
ဒီခံစားချက်တွေဟာ လူသားတွေအတွက် သဘာဝကျတဲ့ခံစားချက်တွေ ဖြစ်ကြောင်း အသိအမှတ်ပြုပါတယ်။
အရေးကြီးတာက
အဲဒီခံစားချက်တွေရှိတာက အဆိုး မဟုတ်ဘဲ အဲဒီခံစားချက်တွေက ကိုယ့်ဘဝကို အပြည့်အဝ အုပ်ချုပ်သွားမလားဆိုတာ သတိထားဘို့ဖြစ်ပါတယ်။
ဒုက္ခက ပျော်ရွှင်ခြင်းရဲ့ ဆန့်ကျင်ဘက်လား?
ဒီစာအုပ်ထဲက စိတ်ဝင်စားစရာအကောင်းဆုံး အတွေးတွေထဲကတစ်ခုက
ဒုက္ခရှိတာနဲ့ ပျော်ရွှင်ခြင်း မရှိနိုင်တော့ဘူးလို့ မဆိုလိုပါဘူး။
တစ်ခါတလေ ဒုက္ခဟာ လူတစ်ယောက်ကို ပိုမိုရင့်ကျက်စေသလို၊ ပိုတိုးတက်လာစေနိုင်ပါတယ်။
ကိုယ်တိုင်နာကျင်ဖူးတဲ့သူက တခြားသူရဲ့နာကျင်မှုကို ပိုနားလည်လာနိုင်တယ်။
ဆုံးရှုံးဖူးတဲ့သူက ကိုယ်ရှိနေသေးတဲ့အရာတွေရဲ့ တန်ဖိုးကို ပိုသိလာနိုင်တယ်။
အကူအညီလိုအပ်ဖူးတဲ့သူက တခြားသူတွေကို လက်ကမ်းပေးတတ်လာနိုင်တယ်။
ဒါက ဒုက္ခကို ကောင်းတယ်လို့ ပြောတာ မဟုတ်ပါဘူး။
ဒုက္ခကို မရွေးချယ်ခဲ့ရပေမယ့် အဲဒီဒုက္ခကနေ ဘာဖြစ်လာမလဲဆိုတာမှာတော့ လူသားတွေရဲ့ တုံ့ပြန်မှုက အရေးကြီးတယ် ဆိုတဲ့အမြင် ဖြစ်ပါတယ်။
စာအုပ်ရဲ့ အပိုင်း (၃)
The Eight Pillars of Joy
ပျော်ရွှင်ခြင်းရဲ့ အခြေခံ say sayမဏ္ဍိုင်ရှစ်ခု
စာအုပ်ရဲ့ နောက်ဆုံးအဓိကပိုင်းမှာ Dalai Lama နဲ့ Desmond Tutu တို့က ပျော်ရွှင်ခြင်းရဲ့ အခြေခံမဏ္ဍိုင်ရှစ်ခု ကို ဖော်ပြပါတယ်။
ဒီရှစ်ခုကို အဓိကအားဖြင့် Mind စိတ်အမြင်ပိုင်း နဲ့ Heart — နှလုံးသားပိုင်း ဆိုပြီး ခွဲခြားနိုင်ပါတယ်။
၁။ Perspective - ရှုမြင်ပုံ
ဖြစ်ရပ်တစ်ခုကို ကိုယ်ဘယ်လိုမြင်သလဲဆိုတာက ကိုယ့်ခံစားချက်ကို များစွာ သက်ရောက်စေပါတယ်။
ပြဿနာတစ်ခုကို ရှုထောင့်တစ်ခုတည်းက ကြည့်မယ်ဆိုရင် ထွက်ပေါက်မရှိသလို ခံစားရနိုင်ပါတယ်။
ဒါပေမယ့် ရှုထောင့်ပြောင်းကြည့်တဲ့အခါ အခြားဖြစ်နိုင်ခြေတွေကို မြင်လာနိုင်ပါတယ်။
အခြေအနေကို မပြောင်းလဲနိုင်တဲ့အခါ ကိုယ်ကြည့်တဲ့ပုံစံကို ပြောင်းလဲနိုင်ပါတယ်။
၂။ Humility - နှိမ့်ချခြင်း
လူတိုင်းမှာ မပြည့်စုံချက်တွေ၊ အားနဲချက်တွေ ကိုယ်စီရှိကြပါတယ်။
လူတိုင်း မှားနိုင်/တတ်ပါတယ်။
ကိုယ်တစ်ယောက်တည်း အရာအားလုံးသိတယ်လို့ ထင်နေခြင်းက တခြားသူတွေနဲ့ ဝေးကွာစေပါတယ်။
နှိမ့်ချခြင်းဆိုတာကတော့
“ငါလည်း လူသားတစ်ယောက်ပဲ”
ဆိုတာကို လက်ခံနိုင်ခြင်း ဖြစ်ပါတယ်။
၃။ Humor - ရယ်မောနိုင်ခြင်း
စာအုပ်တစ်အုပ်လုံးမှာ Dalai Lama နဲ့ Desmond Tutu တို့ အချင်းချင်းစနောက်ပြီး ရယ်မောနေကြတာကို တွေ့ရပါတယ်။
သူတို့ဘဝမှာ ဒုက္ခမရှိခဲ့လို့ ရယ်နိုင်တာ မဟုတ်ပါဘူး။
ဒုက္ခတွေ အများကြီးဖြတ်သန်းခဲ့ပြီးနောက်မှာတောင် ရယ်မောနိုင်စွမ်းကို မဆုံးရှုံးခဲ့ကြတာ ဖြစ်ပါတယ်။
Humor ဟာ ပြဿနာကို လျစ်လျူရှုခြင်းမဟုတ်ပါဘူး။
ခက်ခဲတဲ့ဘဝထဲမှာတောင် အလင်းရောင်လေးတွေကို ရှာဖွေနိုင်ခြင်း ဖြစ်ပါတယ်။
၄။ Acceptance - လက်ခံခြင်း
Acceptance ဆိုတာ
“ဖြစ်နေတာအားလုံး ကောင်းပါတယ်”
လို့ ပြောခြင်း မဟုတ်ပါဘူး။
မတရားမှုကိုလည်း လက်ခံလိုက်ပါလို့ ဆိုလိုတာလဲ မဟုတ်ပါဘူး။
ဖြစ်ပြီးသားအရာကို မဖြစ်ခဲ့သလို ငြင်းဆန် ပြီး မေ့နေသယောင်နေခြင်းထက် အခြေအနေမှန်ကို လက်ခံပြီး အဲဒီနေရာကနေ ဘာလုပ်နိုင်မလဲဆိုတာ ရှာဖွေခြင်း ဖြစ်ပါတယ်။
၅။ Forgiveness - ခွင့်လွှတ်ခြင်း
Desmond Tutu ရဲ့ တောင်အာဖရိကအတွေ့အကြုံတွေက ဒီအပိုင်းမှာ အထူးအရေးကြီးပါတယ်။
ခွင့်လွှတ်ခြင်းဆိုတာ မတရားမှုကို မေ့ပစ်ခြင်း မဟုတ်သလို အမှားလုပ်သူကို အပြစ်မရှိဘူးလို့ ပြောခြင်းလည်း မဟုတ်ပါဘူး။
ခွင့်လွှတ်ခြင်းရဲ့ အရေးကြီးတဲ့အချက်တစ်ခုက
အတိတ်က နာကျင်မှုနဲ့ အမုန်းတရားရဲ့ ချုပ်နှောင်မှုအောက်မှာ ကိုယ့်ဘဝတစ်ခုလုံး မနေတော့ဖို့ ကျွန်ခံမနေဘို့ဖြစ်ပါတယ်။
၆။ Gratitude - ကျေးဇူးတင်ခြင်း
လူသားတွေရဲ့စိတ်ဟာ မရှိတာကို လွယ်လွယ်ကူကူ မြင်တတ်ပါတယ်။
ဒါပေမယ့် gratitude က
“ငါ့မှာ မရှိတာဘာလဲ?”
ဆိုတာထက်
“ငါ့မှာ ရှိနေသေးတာဘာလဲ?”
ဆိုတာကို ပြန်ကြည့်တတ်ခြင်းဖြစ်ပါတယ်။
အသက်ရှင်နေသေးတာ၊
ကိုယ်ချစ်တဲ့သူတစ်ယောက်ရှိနေသေးတာ၊
ဒီနေ့စားစရာရှိတာ၊
တစ်ယောက်ယောက်က ကိုယ့်ကိုဂရုစိုက်တာ
စတဲ့ သာမန်ထင်ရတဲ့အရာတွေဟာ ကျေးဇူးတင်တတ်တဲ့အခါ တန်ဖိုးကြီးလာပါတယ်။
၇။ Compassion - ကရုဏာ
Dalai Lama က ကရုဏာတရားကို အလွန်အရေးကြီးတဲ့နေရာမှာ ထားပါတယ်။
ကိုယ့်နာကျင်မှုထဲမှာပဲ အာရုံစိုက်နေတဲ့အခါ ကိုယ့်ပြဿနာဟာ ပိုကြီးလာသလို ခံစားရတတ်ပါတယ်။
ဒါပေမယ့်
“ငါတစ်ယောက်တည်း နာကျင်နေတာ မဟုတ်ဘူး။ တခြားလူတွေလည်း သူတို့ရဲ့ဒုက္ခတွေနဲ့ ရင်ဆိုင်နေကြတယ်”
ဆိုတာကို သတိရတဲ့အခါ လူသားအချင်းချင်း ဆက်နွယ်မှုကို ပိုမြင်လာနိုင်ပါတယ်။
တခြားသူရဲ့ နာကျင်မှုကို နားလည်ပြီး ကူညီလိုစိတ်ရှိခြင်းက သူတို့အတွက်သာမက ကိုယ့်အတွင်းစိတ်အတွက်ပါ အကျိုးရှိစေပါတယ်။
၈။ Generosity - ရက်ရောခြင်း၊ မျှဝေခြင်း၊ လှုဒါန်းခြင်း
Generosity ဆိုတာ ငွေကြေးများစွာရှိမှ၊ ငွေကြေးလှုနိုင်မှ လုပ်နိုင်တာ မဟုတ်ပါဘူး။
ကိုယ့်ရဲ့
အချိန်၊
အာရုံစိုက်မှု၊
အားပေးစကား၊
အစားအစာ၊
ပညာ၊
မေတ္တာ၊
နားထောင်ပေးခြင်း
တွေကိုလည်း မျှဝေနိုင်ပါတယ်။
စာအုပ်ရဲ့အရေးကြီးတဲ့ နောက်ထပ်သတင်းစကားတစ်ခုက
တခြားသူတွေအတွက် ပျော်ရွှင်မှုကို ဖန်တီးပေးတဲ့အခါ ကိုယ်တိုင်လည်း ပျော်ရွှင်မှုကို ပိုတွေ့လာနိုင်တယ် ဆိုတာ ဖြစ်ပါတယ်။
ဘာသာမတူပေမယ့် အဖြေတူတဲ့နေရာ
ဒီစာအုပ်ရဲ့ အလှဆုံးအချက်တွေထဲကတစ်ခုက
ဗုဒ္ဓဘာသာခေါင်းဆောင်တစ်ယောက်နဲ့ ခရစ်ယာန်ခေါင်းဆောင်တစ်ယောက်ဟာ အချင်းချင်းပြောင်းလဲဖို့ မကြိုးစားကြတာပါပဲ။
သူတို့မှာ ဘာသာရေးယုံကြည်ချက် မတူကြပေမယ့်
မေတ္တာ၊
ကရုဏာ၊
ခွင့်လွှတ်ခြင်း၊
နှိမ့်ချခြင်း၊
ကျေးဇူးတင်ခြင်း၊
သူတစ်ပါးအကျိုးဆောင်ခြင်း
စတဲ့တန်ဖိုးတွေမှာ အတူတကွ မိတ်ဆွေဖွဲ့ရပ်တည်နိုင်ကြပါတယ်။
ဒါကြောင့် ဒီစာအုပ်ဟာ ဘာသာရေးတစ်ခုတည်းအတွက် ရေးထားတဲ့စာအုပ်မဟုတ်ဘဲ လူသားတစ်ယောက်အနေနဲ့ ဘယ်လိုပိုကောင်းတဲ့ဘဝတစ်ခုကို ရှင်သန်မလဲဆိုတာ စဉ်းစားစေတဲ့စာအုပ် ဖြစ်ပါတယ် ။
မြန်မာပြည်သူတွေအတွက် ဒီစာအုပ်က ဘာပြောနိုင်သလဲ?
ဒီနေ့ မြန်မာပြည်မှာ လူအများဟာ
စစ်ပွဲ၊
အိုးအိမ်ဆုံးရှုံးမှု၊
နေရပ်စွန့်ခွာမှု၊
ချစ်ရသူဆုံးရှုံးမှု၊
မိသားစုကွဲကွာမှု၊
အချင်းချင်းကွဲပြားမှု
စီးပွားရေးအခက်အခဲနဲ့
အနာဂတ်မသေချာမှု
တွေကြားမှာ နေထိုင်နေကြရပါတယ်။
ဒီလိုအခြေအနေမှာ “ပျော်ရွှင်ပါ” လို့ ရိုးရိုးလေးပြောတာဟာ နာကျင်နေသူတွေရဲ့ အတွေ့အကြုံကို အလေးမထားရာ ရောက်သွားနိုင်ပါတယ်။
The Book of Joy က အဲဒီလို အလေးမထား မပြောပါဘူး။
ဝမ်းနည်းရင် ဝမ်းနည်းခွင့်ရှိပါတယ်။
ဆုံးရှုံးရင် ငိုကြွေးခွင့်ရှိပါတယ်။
မတရားမှုကို မတရားမှုလို့ ခေါ်ခွင့်ရှိပါတယ်။
ဒါပေမယ့်
အကြမ်းဖက်မှု၊မတရားမှုတွေက ကိုယ့်ရဲ့လူသားဆန်မှု လူ့ဂုဏ်သိက္ခာကိုပါ ဖျက်ဆီးသွားခွင့်မပေးဖို့ ဒီစာအုပ်က သတိပေးနေပါတယ်။
အမုန်းတရားတွေကြားမှာ မေတ္တာကို ဆက်ထိန်းထားနိုင်ခြင်း၊
ဆုံးရှုံးမှုတွေကြားမှာ ကျေးဇူးတင်စရာတစ်ခုကို ရှာနိုင်ခြင်း၊
ကိုယ်တိုင်နာကျင်နေရင်း တခြားသူကို လက်ကမ်းပေးနိုင်ခြင်း၊
အနာဂတ်မသေချာသေးပေမယ့် မျှော်လင့်ချက်ကို လုံးဝမလွှတ်ပစ်ခြင်း
ဒါတွေဟာ အားနည်းခြင်းမဟုတ်ပါဘူး။
လူသားရဲ့ အတွင်းစိတ်ခွန်အား ဖြစ်ပါတယ်။
နိဂုံး
The Book of Joy ဟာ ပျော်ရွှင်ဖို့ နည်းလမ်းအနည်းငယ်ပေးတဲ့ self-help စာအုပ်တစ်အုပ်ထက် ပိုပါတယ်။
ဒုက္ခတွေကို ဖြတ်သန်းခဲ့တဲ့ လူနှစ်ယောက်က ဒုက္ခတွေကြားမှာတောင် လူသားတစ်ယောက်ရဲ့စိတ်နှလုံးဟာ ဘယ်လိုလွတ်လပ်၊ နူးညံ့ပြီး မျှော်လင့်ချက်ရှိနေနိုင်သလဲဆိုတာ ဆွေးနွေးထားတဲ့စာအုပ် ဖြစ်ပါတယ်။
စာအုပ်ရဲ့ အဓိကသင်ခန်းစာက
ပျော်ရွှင်ခြင်းဆိုတာ ပြဿနာအားလုံး ပြီးဆုံးသွားတဲ့နေ့မှာ ရောက်လာမယ့်ဆုတစ်ခု မဟုတ်ပါဘူး။
ကိုယ်မပြောင်းလဲနိုင်တဲ့အရာတွေရှိနေတဲ့ကြားမှာပဲ
ရှုမြင်ပုံကို ပြောင်းလဲခြင်း၊
နှိမ့်ချခြင်း၊
ရယ်မောခြင်း၊
အမှန်တရားကို လက်ခံခြင်း၊
ခွင့်လွှတ်ခြင်း၊
ကျေးဇူးတင်ခြင်း၊
ကရုဏာထားခြင်းနဲ့
မျှဝေခြင်း
တို့ကနေ ပျော်ရွှင်ခြင်းကို တဖြည်းဖြည်း တည်ဆောက်နိုင်တယ်ဆိုတာ ဖြစ်ပါတယ်။
The Book of Joy ရဲ့ အနှစ်သာရပြောရရင်တော့
“ပျော်ရွှင်ခြင်းဆိုတာ မုန်တိုင်းမရှိတဲ့ဘဝကို ပိုင်ဆိုင်ခြင်းမဟုတ်ပါဘူး။ မုန်တိုင်းကြားမှာတောင် မေတ္တာ၊ ကရုဏာနဲ့ မျှော်လင့်ခြင်းကို မပျောက်ဆုံးစေဘဲ ရှင်သန်နိုင်ခြင်း ဖြစ်ပါတယ်။”
Dalai Lama, Desmond Tutu, and Douglas Abrams. The Book of Joy: Lasting Happiness in a Changing World. Avery, 2016.