Braving the Wilderness: The Quest for True Belonging and the Courage to Stand Alone
Brené Brown
စာအုပ်အနှစ်ချုပ်
Braving the Wilderness: The Quest for True Belonging and the Courage to Stand Alone ဟာ Brené Brown ရေးသားထားတဲ့ လူသိများတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Brené Brown ဟာ ရဲရင့်ခြင်း (courage)၊ အားနည်းချက်ကို လက်ခံဖော်ပြနိုင်ခြင်း (vulnerability)၊ ရှက်ရွံ့မှု (shame)၊ ကိုယ်ချင်းစာနာမှု (empathy) နဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ ကိုယ်တိုင်ပါဝင်ပိုင်ဆိုင်နေတယ်လို့ ခံစားရခြင်း (belonging) စတဲ့ အကြောင်းအရာတွေကို နှစ်ပေါင်းများစွာ လေ့လာသုတေသနပြုခဲ့သူ ဖြစ်ပါတယ်။
ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ
ဒီစာအုပ်မှာ အဓိကမေးခွန်းတစ်ခုရှိပါတယ်။
အမြင်မတူမှုတွေ၊ ကွဲပြားမှုတွေ ပိုများလာနေတဲ့ ကမ္ဘာကြီးထဲမှာ လူသားတွေဟာ ဘယ်လိုအတူတကွ နေထိုင်ပြီး တစ်ဦးနဲ့တစ်ဦး အမှန်တကယ် ဆက်နွယ်နိုင်ကြမလဲ။
Brené Brown က True Belonging စစ်မှန်တဲ့ ပါဝင်ပိုင်ဆိုင်မှု ဆိုတာ ကိုယ့်ကို အခြားသူတွေ လက်ခံလာအောင် ကိုယ့်ကိုယ်ကို ပြောင်းလဲပစ်ရတာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ကိုယ့်ရဲ့ယုံကြည်ချက်၊ နောက်ခံဘဝ၊ ယဉ်ကျေးမှုနဲ့ အမြင်တွေဟာ တခြားသူတွေနဲ့ မတူညီနေရင်တောင် ကိုယ်ဘယ်သူလဲဆိုတာ မပျောက်ဆုံးဘဲ ရပ်တည်နိုင်ခြင်း ကသာ စစ်မှန်တဲ့ belonging ဖြစ်ပါတယ်။
“Wilderness” ဆိုတာ ဘာကိုဆိုလိုတာလဲ
စာအုပ်ခေါင်းစဉ်ထဲက Wilderness တောရိုင်းခရီး ဆိုတာ တကယ့်တောထဲကို သွားတာကို ဆိုလိုတာမဟုတ်ပါဘူး။
ကိုယ့်ရဲ့ ယုံကြည်ချက်၊ ခံယူချက်၊ တန်ဖိုးထားမှုတွေကြောင့် လူအများနဲ့ မတူတော့တဲ့အချိန်၊ ကိုယ်ချစ်ခင်တဲ့အသိုင်းအဝိုင်းကတောင် ကိုယ့်ကို နားမလည်တဲ့အချိန်၊ လူအများနောက်ကို မလိုက်ဘဲ တစ်ယောက်တည်း ရပ်တည်ရတဲ့အချိန်တွေကို “Wilderness” လို့ တင်စားထားတာပါ။
အဲဒီလိုအချိန်မှာ လူအများရဲ့ လက်ခံမှုကို ရရှိဖို့အတွက် ကိုယ့်ရဲ့စစ်မှန်တဲ့ ကိုယ်ပိုင်
လက္ခဏာနဲ့ ယုံကြည်ချက်တွေကို မစွန့်လွှတ်
ပစ်ဘဲ ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်ခြင်းကို “Braving
the Wilderness” လို့ ဆိုလိုပါတယ်။
ကွဲပြားမှုတွေကြားက စစ်မှန်တဲ့ Belonging
ဒီစာအုပ်ရဲ့ အရေးကြီးဆုံးအချက်တစ်ခုက လူ့အသိုင်းအဝိုင်းမှာ ပိုမိုကြီးထွားလာနေတဲ့ “ငါတို့” နဲ့ “သူတို့” ဆိုတဲ့ ခွဲခြားစိတ်ဓာတ်အကြောင်း ဖြစ်ပါတယ်။
နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုး၊ ယဉ်ကျေးမှု၊ လူမှုအဆင့်အတန်းနဲ့ အတွေးအမြင်တွေ မတူတာကြောင့် လူတွေဟာ ကိုယ်နဲ့တူတဲ့သူတွေနဲ့ပဲ စုဖွဲ့ပြီး မတူတဲ့သူတွေကို ဝေးဝေးထားတတ်ကြပါတယ်။
ဒီလိုဖြစ်လာတဲ့အခါ ကိုယ်နဲ့မတူသူတွေကို လူသားတစ်ယောက်အနေနဲ့ မြင်နိုင်စွမ်း လျော့နည်းလာနိုင်တယ် လို့ Brown က သတိပေးပါတယ်။
သူမပြောချင်တာက လူတိုင်း အမြင်တူရမယ်ဆိုတာ မဟုတ်ပါဘူး။
ကျွန်ုပ်တို့ အမြင်မတူမှုတွေဖြစ်နိုင်ပါတယ်။
ယုံကြည်ချက် မတူညီမှုတွေဖြစ်နိုင်ပါတယ်။
ယဉ်ကျေးမှု မတူတာတွေဖြစ်နိုင်ပါတယ်။
ဒါပေမယ့် တစ်ဦးနဲ့တစ်ဦးရဲ့ လူသားဖြစ်မှုကို လေးစားနိုင်ဘို့ကို အလေးထားရပါမယ်။
ဒီအချက်ကပဲ Diversity မတူကွဲပြားမှုရဲ့ အလှတရား နဲ့ အလွန်နီးစပ်စေပါတယ်။
“Fitting In” နဲ့ “Belonging” မတူပါဘူး
ဒီစာအုပ်ထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံး အယူအဆတစ်ခုက Fitting In နဲ့ Belonging ကြားက ကွာခြားချက် ဖြစ်ပါတယ်။
Fitting In ဆိုတာ
“ဒီလူတွေ ငါ့ကို လက်ခံအောင် ငါဘယ်လိုလူမျိုး ဖြစ်ရမလဲ” ဆိုပြီး ကိုယ့်ကိုယ်ကို ပြောင်းလဲနေရတာပါ။
Belonging ဆိုတာတော့
“ငါ့ရဲ့စစ်မှန်တဲ့ပုံစံအတိုင်း ရှိနေရင်းနဲ့ ဒီအသိုင်းအဝိုင်းထဲမှာ ဘယ်လိုပါဝင်နိုင်
မလဲ” ဆိုတာ ဖြစ်ပါတယ်။
လူအများရဲ့ လက်ခံမှုရဖို့အတွက် ကိုယ့်ရဲ့စစ်မှန်မှုကို ဖုံးကွယ်နေရတယ်ဆိုရင် အဲဒါဟာ True Belonging မဟုတ်ပါဘူး။
တံတိုင်းတွေထက် တံတားတွေ တည်ဆောက်ကြပါ
ဒီစာအုပ်က သင်ပေးတဲ့ နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုက မတူညီမှုတွေကြားမှာ တံတိုင်းတွေ ဆောက်မယ့်အစား တံတားတွေ ဆောက်ဖို့ ဖြစ်ပါတယ်။
လူတစ်ယောက်ကို သူ့ရဲ့လူမျိုး၊ ဘာသာ၊ နိုင်ငံရေးအမြင်၊ ပညာရေး၊ လူမှုအဆင့်အတန်း စတဲ့ label တစ်ခုတည်းနဲ့ သတ်မှတ်ဖို့ လွယ်ပါတယ်။
ဒါပေမယ့် သူ့ရဲ့ဘဝဇာတ်လမ်းကို တကယ်ထိုင်နားထောင်ကြည့်လိုက်တဲ့အခါမှာ
သူ့မှာလည်း နာကျင်မှုတွေရှိတယ်။
ကြောက်ရွံ့မှုတွေရှိတယ်။
ချစ်ခြင်းတွေရှိတယ်။
မျှော်လင့်ချက်တွေရှိတယ်။
အိပ်မက်တွေရှိတယ်။
ဆိုတာကို တွေ့လာရပါတယ်။
ဒါကြောင့် Brown က သဘောတူမှ ချစ်ခင်နိုင်မယ် ဆိုတဲ့အတွေးထက် သဘောမတူပေမယ့်လည်း လေးစားနိုင်တယ်၊ နားထောင်နိုင်တယ်၊ လူသားတစ်ယောက်အဖြစ် တန်ဖိုးထားနိုင်တယ် ဆိုတဲ့အမြင်ကို အလေးပေးတင်ပြထားပါတယ်။
စာအုပ်ရဲ့ အဓိက message
Braving the Wilderness ရဲ့ အဓိက message ကို အတိုချုပ်ပြောရရင်
စစ်မှန်တဲ့ Belonging ဆိုတာ လူအများနဲ့တူအောင် ကိုယ့်ကိုယ်ကို ပြောင်းလဲခြင်းမဟုတ်ဘဲ၊ ကိုယ်ဘယ်သူလဲဆိုတာ ရဲရဲဝံ့ဝံ့ လက်ခံရပ်တည်ရင်း ကိုယ်နဲ့မတူတဲ့သူတွေရဲ့ လူသားဖြစ်မှုကိုလည်း လေးစားတန်ဖိုးထားနိုင်ခြင်း ဖြစ်ပါတယ်။
ပန်းဥယျာဉ်တစ်ခုထဲမှာ ပန်းအားလုံး အရောင်တစ်မျိုးတည်း၊ ပုံသဏ္ဌာန်တစ်မျိုးတည်း ဖြစ်နေရင် အဲဒီဥယျာဉ်ရဲ့အလှဟာ ပြည့်စုံမှာမဟုတ်ပါဘူး။
လူ့အသိုင်းအဝိုင်းလည်း ဒီလိုပါပဲ။
မတူညီတဲ့ လူမျိုးတွေ၊ ဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေ၊ ယုံကြည်မှုတွေ၊ အတွေ့အကြုံတွေနဲ့ အတွေးအမြင်တွေကြောင့်ပဲ လူ့အသိုင်းအဝိုင်းဟာ ပိုမိုကြွယ်ဝလှပလာတာ ဖြစ်ပါတယ်။
Unity ဆိုတာ Uniformity မဟုတ်ပါဘူး။
စည်းလုံးညီညွတ်ခြင်းဆိုတာ လူတိုင်း အတူတူဖြစ်သွားဖို့ မလိုပါဘူး။
ကိုယ်က ကိုယ်ဖြစ်ခွင့်ရှိသလို၊
သူလည်း သူဖြစ်ခွင့်ရှိပါတယ်။
ကိုယ့်ယုံကြည်ချက်ကို ကိုယ်ခိုင်မာစွာ ရပ်တည်နိုင်သလို၊ ကိုယ်နဲ့မတူတဲ့သူကိုလည်း နေရာပေးနိုင်ပါတယ်။
မတူကွဲပြားမှုတွေကို ဖယ်ရှားလိုက်ခြင်းက ငြိမ်းချမ်းရေးမဟုတ်ပါဘူး။ မတူကွဲပြားမှုတွေ ရှိနေသည့်ကြားက တစ်ဦးကိုတစ်ဦး လူသားတစ်ယောက်အဖြစ် လေးစားတန်ဖိုးထားပြီး အတူတကွ နေထိုင်တတ်ခြင်းကသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ လှပတဲ့ လူ့အသိုင်းအဝိုင်းကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
Brown, Brené. Braving the Wilderness: The Quest for True Belonging and the Courage to Stand Alone. Random House, 2017.