နောက်ကွယ်က အမှန်တရား

(ကိုယ်ပိုင်ဆင်ခြင်သုံးသပ်ချက်)

ဒီဓာတ်ပုံကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာရှိတဲ့ တိုင်းရင်းသားကျေးရွာ မှာ ၂၀၀၉ ခုနှစ်တုံးက ကျွန်မ ရိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ ရိုးရာအိမ်ပုံစံတွေကို တည်ဆောက်ပြသထားပြီး “စည်းလုံးညီညွတ်မှု” နဲ့ “မတူကွဲပြားမှု” ကို ဖော်ပြထားတဲ့ နေရာတစ်ခုပါ။

အပေါ်ယံကြည့်လိုက်ရင်တော့ လှပပါတယ်။ ရိုးရာအိမ်တွေကလည်း သဘာဝကျကျ တည်ဆောက်ထားပြီး ပတ်ဝန်းကျင်ကလည်း အေးချမ်းသာယာပါတယ်။ လာရောက်လည်ပတ်သူတွေအတွက်တော့ မတူကွဲပြားတဲ့ တိုင်းရင်းသားယဉ်ကျေးမှုတွေ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ကြတဲ့ ပုံရိပ်တစ်ခုလို မြင်ရနိုင်ပါတယ်။

ဒါပေမယ့် ကျွန်မ အဲဒီနေရာကို ရောက်ခဲ့တဲ့အခါမှာတော့ မြင်နေရတဲ့ပုံရိပ်နဲ့ လက်တွေ့အမှန်တရားတို့အကြားမှာ ကွာဟမှုတစ်ခုကို ခံစားမိခဲ့ပါတယ်။

အလှအပက စီစဉ်ဖန်တီးထားသလို ခံစားရပြီး၊ သဟဇာတဖြစ်မှုကလည်း အပေါ်ယံပြသထားတဲ့ ပုံရိပ်တစ်ခုလို ခံစားရပါတယ်။ ထိန်းသိမ်းပြသထားတဲ့ ရိုးရာအိမ်တွေရဲ့ နောက်ကွယ်မှာတော့ တိုင်းရင်းသားလူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှု၊ တိုင်းရင်းသားစာပေနဲ့ ဘာသာစကားတွေ ဖိနှိပ်ခံခဲ့ရမှု၊ ယဉ်ကျေးမှုနဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာတွေ ပျောက်ကွယ်စေဖို့ ဖိအားပေးခံခဲ့ရမှု၊ လူနည်းစုအသိုင်းအဝိုင်းတွေ ဘေးဖယ်ခံခဲ့ရမှုတို့ရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိနေပါတယ်။

ကျေးရွာအတွင်းမှာ “အမွေအနှစ်” အဖြစ် လှပစွာ ထိန်းသိမ်းပြသထားတဲ့ အရာတချို့ဟာ တကယ့် လက်တွေ့ဘဝမှာတော့ အသံတိတ်စေခြင်းနဲ့ ဖိနှိပ်ခြင်းတွေကို ကြုံတွေ့ စေခဲ့ရပါတယ်။

တကယ်တော့

တိုင်းရင်းသားလူနည်းစုနောက်ခံကနေ လာသူတစ်ယောက်အနေနဲ့ ကိုယ့်မွေးရပ်မြေမှာတောင် ကိုယ်ဟာ ဧည့်သည်တစ်ယောက်လို ခံစားခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ဘိုးဘွားတွေရဲ့မြေဟာ ကိုယ်တကယ်သက်ဆိုင်ရာ၊ ကိုယ်တကယ်ပိုင်ဆိုင်ရာ နေရာတစ်ခုလို အမြဲတမ်း မခံစားရပါဘူး။

အာဏာရှိသူတွေက လူတစ်ဦးရဲ့ အမှတ်လက္ခဏာ၊ သမိုင်းနဲ့ ကိုယ်ဘယ်သူဖြစ်တယ်ဆိုတာကို သတ်မှတ်ပေးလာတဲ့အခါ လူနည်းစုတွေဟာ ကိုယ့်သမိုင်းထဲမှာတောင် ဧည့်သည်တစ်ယောက်လို ခံစားလာရတယ်။

မတရားမှုက အမှန်တရားထက် အသံပိုကျယ်နေသလို၊ ကြောက်ရွံ့မှုက မျှော်လင့်ခြင်းထက် ပိုအားကောင်းနေသလို ခံစားခဲ့ရတဲ့ အချိန်တွေလည်းများစွာ ရှိခဲ့ပါတယ်။

အဲဒီလိုအချိန်တွေမှာ ကျွန်မဟာ ကိုယ့်နိုင်ငံမှာမွေး ကိုယ့်နိုင်ငံမှာကြီးပေမယ့်

“ဒီနိုင်ငံဟာငါ့ရဲ့ အမိနိုင်ငံမှဟုတ်ရဲ့လား”

ဆိုတာကိုပါ မေးခွန်းထုတ်မိခဲ့ပါတယ်။

ဒီလိမ်ညာမှုထဲမှာပဲ စစ်မှန်တဲ့အရာတစ်ခု ရှင်းလင်းစွာ သိမြင်တွေ့ရှိတာကတော့ …

နိုင်ငံရေးအာဏာဖွဲ့စည်းပုံတွေထဲမှာတော့ မဟုတ်ပါဘူး။

အထိမ်းအမှတ်အဆောက်အအုံတွေထဲမှာလည်း မဟုတ်ပါဘူး။

စည်းလုံးညီညွတ်ရေးအကြောင်း ပြောကြားတဲ့ မိန့်ခွန်းတွေထဲမှာလည်း မဟုတ်ပါဘူး။

ကြံ့ကြံ့ခံရပ်တည်နေသူတွေရဲ့ ဘဝထဲမှာ တွေ့ခဲ့ပါတယ်။

တိတ်ဆိတ်နေခြင်းက ပိုလုံခြုံနိုင်တဲ့အချိန်မှာတောင် အမှန်တရားဘက်က ရပ်တည်ပြောဆိုရဲတဲ့ သတ္တိ တွေ့ခဲ့ပါတယ်။

ခါးသီးမုန်းတီးလိုက်ဖို့က ပိုလွယ်ကူနေတဲ့အချိန်မှာတောင် အမုန်းတရားကို ငြင်းဆန်နိုင်တဲ့ ခွန်အား တွေ့ခဲ့ပါတယ်။

ဖိနှိပ်ချုပ်ချယ်မှုဟာ နောက်ဆုံးစကားကို ပြောနိုင်မှာမဟုတ်ဘူးဆိုတဲ့ နက်ရှိုင်းတဲ့ ယုံကြည်စိတ်ချမှု တွေ့ခဲ့ပါတယ်။

အပေါ်ယံထင်ယောင်ထင်မှားတီထွင်ဖန်တီး မှုတွေကို ကျော်လွန်ပြီး ဘာက အစစ်အမှန်လဲဆိုတာ ပိုမိုမြင်တွေ့ ခဲ့ပါတယ်။

စနစ်တွေ ပျက်ကွက်သွားတဲ့အခါ ယုံကြည်ခြင်းဟာ ကိုယ်တိုင်ထိတွေ့ခံစားရတဲ့ အရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

တိုင်းရင်းသားကျေးရွာဟာ စည်းလုံးညီညွတ်မှုရဲ့ လှပတဲ့ ပုံရိပ်တစ်ခုအဖြစ် ရပ်တည်နေနိုင်ပါတယ်။ လိမ်ညာမှုရဲ့

အပြင်ပန်းက ဘယ်လောက်ပဲ လှပနေပါစေ၊ အဲဒီအလှအပရဲ့အောက်မှာ အမှန်တရားတွေက ရှိနေဆဲပါပဲ။

တကယ်တော့ ကျွန်မတို့ မျှော်လင့်ခြင်းကို တွေ့ရှိတဲ့ နေရာဟာ အယောင်ဆောင်ဖန်တီးထားတဲ့ ပုံရိပ်ထဲမှာ မဟုတ်ပါဘူး။

အမှန်တရားထဲမှာဘဲ ဖြစ်ပါတယ်။

အဲဒီအမှန်တရားထဲမှာပဲ အမှောင်ထက် အလင်းက ပိုမိုအားကောင်းကြောင်း၊ ဖိနှိပ်မှုထက် မျှော်လင့်ခြင်းက ပိုမိုအားကြီးကြောင်း၊

လူသားတွေရဲ့ အာဏာထက် ဓမ္မတရားကဘဲ ပိုမိုခိုင်မြဲကြောင်း ယနေ့အထိယုံကြည်နေဆဲပါ။

ဒါဟာ တိုင်းရင်းသားကျေးရွာကို ဟန်ပြဖန်တီးထားမှုရဲ့ နောက်ကွယ်က အမှန်တရားတခုလို့ တိုင်းရင်းသားကျေးရွာအတွင်းလည်ပတ်ရင်း ဆင်ခြင်သုံးသပ်မိတာဖြစ်ပါတယ်။