ယဥ်ကျေးမှုကွဲပြားမှုများကို ဘယ်လိုတုံ့ပြန်သင့်သလဲ။

How Should We Respond to Cultural Differences?

ခိုင်မာတဲ့အဆောက်အဦးတလုံးဖြစ်လာဘို့

ခိုင်မာတဲ့ကျောက်တတုံး၊ အရည်အသွေး ကောင်းတဲ့အုတ်တချပ်၊ သဲတပွင့်ကနေစတင် တည်ဆောက်ရသလို အရည်အသွေးရှိတဲ့ ပုဂ္ဂိုလ်တဦး၊ မိသားစု၊ အသိုင်းအဝိုင်း တခုတည်ဆောက်ဘို့ အခြေခံလူမှုကျင့်ဝတ်( Moral Principles ) တွေနဲ့တည်ဆောက်မှ သဟာဇာတကျပြီးငြိမ်းချမ်းတဲ့ ပုဂ္ဂိုလ်တဦး၊ မိသားစု၊ အသိုင်းအဝိုင်း ဖြစ်နိုင်ဘို့ အများကြီး အထောက်အကူဖြစ်မှာဖြစ်ပါတယ်။

အခြေခံလူမှုကျင့်ဝတ်( Moral Principles ) လို့ပြောတဲ့အခါမှာ ဒီမှာတော့ အကြောင်းအရာ ကြီးကြီးမားမားနဲ့ မပြောဘဲနဲ့ ကျွန်မရဲ့ ကိုယ်တွေ့ ကြုံဖူးတဲ့ အသေးအမွှားလို့ထင်ရတဲ့ အဖြစ်အပျက်လေးတခု ကိုဥပမာပေးချင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ နေ့စဥ် လူမှုဆက်ဆံရေးမှာလဲ အသေးအဖွဲထင်ရတဲ့ အရာတွေကနေ လူမှုပတ်ဝန်းကျင် အကောင်းအဆိုးစတင်တည်ဆောက်ရတာဖြစ်တဲ့အတွက် သတိထားဘို့ အရေးကြီးတယ်ဆိုတာ မီးမောင်းထိုးပြချင်လို့ပါ။

ပြောမယ်ဆိုရင် ကျွန်မက ချင်းပြည်နယ်ကနေ ၁၉၉၂ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး ရန်ကုန်မှာ ပညာဆက်သင်ဘို့ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ သတိထားမိတာတခုကတော့ အခြားသူတွေကြားမှာ ကျွန်မတို့ချင်းတွေဟာ တမူထူးခြားနေသလို ခံစားရပြီး၊ တခါတလေ အထင်သေးသလို ပြောဆိုဆက်ဆံတာမျိုးတွေ၊ ခွဲခြားဆက်ဆံခြင်းတွေလည်း ကြုံခဲ့ရပါတယ်။

မှတ်မှတ်ရရ ကျွန်မတို့ချင်းတွေ ဓားကိုင်တဲ့ပုံစံက အခြားမြန်မာနိုင်ငံ ပြည်သူတွေနဲ့ မတူတော့ အဆောင်မှာ ဟင်းချက်တိုင်း ကျွန်မတို့ ချင်းတွေ ဓားကိုင်တာမြင်ရင် အေးဆေးမနေရဘူး

“ဓားပြောင်းပြန်ကိုင်တယ်၊ ဓားပြောင်းပြန်ကိုင်တယ်”

လို့ ခဏခဏ အပြောခံရကြပါတယ်။

ပြောတဲ့သူတွေအတွက်တော့ အပျော်သဘော၊ အသေးအမွှားကိစ္စလေး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က လူငယ်လည်းဖြစ်တော့ ကိုယ့်ဓားကိုင်ပုံကပဲ မှားနေသလိုလို၊ ကိုယ်လုပ်တတ်တဲ့နည်းကပဲ မမှန်သလိုလို အပြောခံရတော့ သိပ်မခံချင်ခဲ့ပါဘူး။

ဒီအဖြစ်အပျက်လေးကို နှစ်ပေါင်းများစွာကြာတဲ့အထိ ကျွန်မ မှတ်မိနေခဲ့ပါတယ်။

ဒါနဲ့ ၂၀၀၈–၂၀၀၉ ခုနှစ်မှာ အမေရိကန်နိုင်ငံကို ပထမဆုံးအကြိမ် ပညာသင်ဖို့ ရောက်လာခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက လာတဲ့သူတွေနဲ့ အဆောင်တခုတည်းမှာ အတူနေခဲ့ကြပါတယ်။

စနေနေ့တနေ့မှာ ပန်းသီးမုန့်လုပ်နည်း (Apple Pie) အတူသင်ကြပါတယ်။ ပန်းသီးခွာကြတဲ့အချိန် ကျွန်မက လူတွေရဲ့ ဓားကိုင်ပုံကို တမင်သတိထားပြီး ကြည့်ဖြစ်ပါတယ်။

အဲဒီအခါ ကျွန်မ အံ့ဩသွားတယ်။

သူတို့အားလုံးဟာ ကျွန်မတို့ချင်းတွေ ဓားကိုင်သလိုပဲ ဓားကိုင်ပြီး ပန်းသီးခွာနေကြတာကို တွေ့လိုက်ရပါတယ်။ ဘယ်သူမှ ဗမာနဲ့အခြားတိုင်းရင်းသားတွေ ဓားကိုင်သလို မကိုင်ကြဘူး။

မြန်မာပြည်မှာတုန်းကတော့ ကျွန်မတို့ချင်းတွေ ဓားကိုင်တဲ့ပုံက “ထူးခြားတယ်၊ မတူဘူး၊ ပြောင်းပြန်ကိုင်တယ်” လို့ အပြောခံခဲ့ရပေမဲ့ နိုင်ငံပေါင်းစုံက လူတွေကြား ရောက်သွားတဲ့အခါမှာတော့ အဲဒီဓားကိုင်ပုံဟာ အားလုံးနဲ့အတူတူဖြစ်နေတာပါ။

အဲဒီအဖြစ်အပျက်လေးက သင်ယူတတ်ရင် လူသားတွေ သဟဇာတ နေထိုင်နိုင်ဘို့ အခြေခံ သင်ခန်းစာပါ။

တကယ်တော့ ကိုယ်နဲ့မတူတိုင်း မှားနေတာ မဟုတ်ပါဘူး။

ကိုယ်မြင်ဖူး၊ ကြားဖူး၊ လုပ်ဖူးတဲ့နည်းနဲ့ မတူတာတခုကို တွေ့တဲ့အခါ “သူတို့မှားတယ်” လို့ အလွယ်တကူ ဆုံးဖြတ်မိတတ်ကြပါတယ်။ တကယ်တော့ ကိုယ်မှန်တယ်လို့ ထင်ထားတဲ့အရာဟာ ကိုယ်ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ ကိုယ်သိထားသလောက်အပေါ်မှာ အခြေခံနေတာလည်း ဖြစ်နိုင်ပါတယ်။

ဥပမာ- ပန်းတစ်မျိုးတည်းပဲ ပွင့်နေတဲ့ ပန်းခြံတစ်ခုကို စိတ်ကူးကြည့်ပါ။ လှတော့လှမှာပါပဲ။ ဒါပေမယ့် အရောင်မတူ၊ ပုံသဏ္ဌာန်မတူ၊ အရွယ်အစားမတူ၊ ရနံ့မတူတဲ့ ပန်းမျိုးစုံ အတူတကွ ပွင့်နေတဲ့ ပန်းခြံတစ်ခုရဲ့ အလှကတော့ တစ်မျိုးထူးခြားနေမှာပါ။

လူ့အဖွဲ့အစည်းဟာလည်း ဒီလိုပါပဲ။

လူမျိုးမတူတာ၊ ဘာသာစကားမတူတာ၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့မတူတာ၊ ကိုးကွယ်ယုံကြည်မှုနဲ့ အတွေးအမြင်မတူတာတွေဟာ ကျွန်မတို့ကို ခွဲခြားပေးဖို့ ဖြစ်လာတာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဘဝကို ပိုပြီး နားလည်သိမြင်နိုင်ဖို့၊ လူ့အဖွဲ့အစည်းကို ပိုပြီး ကြွယ်ဝလှပလာစေဖို့ အခွင့်အရေးတွေ ဖြစ်လာနိုင်ပါတယ်။

မတူကြပေမယ့် လူသားချင်းတော့ အတူတူပါပဲ

လူမျိုးတိုင်း၊ ယဉ်ကျေးမှုတိုင်းမှာ သူ့ကိုယ်ပိုင်ဝိသေသလက္ခဏာာတွေ ရှိပါတယ်။

ကျွန်မတို့ စားတဲ့အစားအစာ၊ ဝတ်စားဆင်ယင်ပုံ၊ ပြောဆိုတဲ့ ဘာသာစကား၊ သီချင်းနဲ့ တေးဂီတ၊ ပွဲတော်တွေ၊ မိသားစုဓလေ့တွေ၊ မျိုးဆက်တစ်ဆက်ကနေ တစ်ဆက် လက်ဆင့်ကမ်းလာတဲ့ တန်ဖိုးထားမှုတွေဟာ “ငါတို့ ဘယ်သူတွေလဲ” ဆိုတာကို တစ်နည်းတစ်ဖုံ ဖော်ပြနေကြပါတယ်။

ကိုယ့်ယဉ်ကျေးမှုတစ်ခုထဲမှာပဲ ကြီးပြင်းလာတဲ့အခါ ကိုယ်လုပ်နေကျအရာတွေကိုပဲ “ဒါက ပုံမှန်ပဲလေ” လို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့် ကိုယ်နဲ့မတူတဲ့ နောက်ခံအသိုင်းအဝိုင်းက လူတွေနဲ့ တွေ့ဆုံဆက်ဆံလာတဲ့အခါ ဘဝကို နားလည်ပုံ၊ မိသားစုကို တန်ဖိုးထားပုံ၊ လူကြီးသူမကို ရိုသေပုံ၊ အောင်မြင်မှုကို သတ်မှတ်ပုံ၊ ပျော်ရွှင်မှုကို ရှာဖွေပုံတွေဟာ တစ်မျိုးတည်းမဟုတ်ဘူးဆိုတာ သိလာရပါတယ်။

တဖက်မှာလဲ

သူတို့နဲ့ မတူတာကြောင့် ကိုယ့်ယဉ်ကျေးမှုနဲ့ ဓလေ့တွေကို စွန့်လွှတ်စရာမလိုပါဘူး။ ကိုယ့်အမွေအနှစ်ကို တန်ဖိုးထားရင်းနဲ့ တခြားသူတွေရဲ့ ဘဝအတွေ့အကြုံတွေကိုလည်း လေ့လာနားလည်နိုင်ပါတယ်။

မတူကွဲပြားခြင်းဆိုတာ မြင်ရတဲ့အရာတွေထက် ပိုနက်ရှိုင်းပါတယ်

Cultural Diversity လို့ ပြောလိုက်တဲ့အခါ ရိုးရာဝတ်စုံတွေ၊ ရိုးရာအစားအစာတွေ၊ ပွဲတော်တွေ၊ ဘာသာစကားတွေကိုပဲ အရင်မြင်မိတတ်ကြပါတယ်။

အဲဒါတွေလည်း ယဉ်ကျေးမှုရဲ့ လှပတဲ့အစိတ်အပိုင်းတွေပါ။ ဒါပေမယ့် ယဉ်ကျေးမှုတစ်ခုရဲ့နောက်ကွယ်မှာ အဲဒီထက် အများကြီး ပိုနက်ရှိုင်းတဲ့ အကြောင်းအရာတွေ ရှိနေပါတယ်။

မျိုးဆက်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ရတဲ့ ဝမ်းနည်းမှုတွေ၊ ပျော်ရွှင်မှုတွေ၊ ရွှေ့ပြောင်းနေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ရှင်သန်ရပ်တည်ခဲ့ရတဲ့ သမိုင်းတွေ၊ ယုံကြည်ခြင်းတွေ၊ မျှော်လင့်ခြင်းတွေ ရှိပါတယ်။

အထူးသဖြင့် ကျွန်မတို့မြန်မာတွေဟာ ကိုယ်နဲ့မတူတာ တွေ့ရင် သင်ယူဘို့ အခွင့်အလမ်းအဖြစ် ခံယူဘို့ထက် ပြစ်တင်ဝေဖန်ကဲ့ရဲ့ ဘို့ ဘက်ကို အလွယ်တကူ ရွေးတတ်ကြပါတယ်။ ယဥ်ကျေးမှုဓလေ့ထုံးစံ၊ လူမျိုးနဲ့ အသားအရောင် မတူတာကို အခြေခံပြီး မနေသာမထိုင်သာ အောင်ပြုမူဆက်ဆံတာ၊ ခွဲခြားဆက်ဆံတာတွေးဟာ အခြေခံလူမှုကျင့်ဝတ်( Moral Principles ) မစောင့်ထိန်းခြင်းဖြစ်တယ်ဆိုတာ သတိထားဘို့ သင်ယူခဲ့ပါတယ်။

ဒါကြောင့် တခြားယဉ်ကျေးမှုတစ်ခုကို တကယ်နားလည်ချင်ရင် အပြင်ပန်းကို ကြည့်ရုံနဲ့ မလုံလောက်ပါဘူး။ သူတို့ရဲ့ဘဝဇာတ်လမ်းကို နားထောင်တတ်ဖို့ လိုပါတယ်။

“ဒီဓလေ့က မင်းတို့အတွက် ဘာကြောင့် အရေးကြီးတာလဲ။”

“ဒီပွဲတော်က မင်းတို့မိသားစုအတွက် ဘာအဓိပ္ပာယ်ရှိလဲ။”

“မင်းတို့အသိုင်းအဝိုင်းကို ဘယ်လိုသမိုင်းအတွေ့အကြုံတွေက ပုံဖော်ခဲ့တာလဲ။”

ဒီလိုမေးခွန်းတွေက မတူကွဲပြားမှုကို အကွာအဝေးတစ်ခုအဖြစ် မထားတော့ဘဲ လူသားချင်း ပိုပြီးနီးကပ်လာစေတဲ့ တံတားတစ်စင်း ဖြစ်လာစေနိုင်ပါတယ်။

မတူကွဲပြားမှုက နံရံဖြစ်လာတဲ့အခါ တဦးနဲ့တဦး သင်ယူဘို့ထက် ကွဲပြားဘို့ဘက်ကို တဖြည်းဖြည်း တွန်းပို့တတ်ပါတယ်။

မတူကွဲပြားတဲ့လူတွေ အတူတူနေထိုင်ရုံနဲ့ နားလည်မှု အလိုအလျောက် ဖြစ်လာတာတော့ မဟုတ်ပါဘူး။ တဦးနဲ့တဦး သင်ယူလိုတဲ့စိတ်ရှိမှသာ နားလည်မှုတည်ဆောက်လို့ရတာပါ။

သဘာဝအရ လူတွေဟာ ကိုယ်နဲ့တူတဲ့သူတွေနဲ့ နေရတာကို ပိုပြီး သက်သောင့်သက်သာရှိတတ်ကြပါတယ်။ ကိုယ်နဲ့မတူတဲ့ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုနဲ့ နေထိုင်မှုပုံစံတွေကို မသိနားမလည်တဲ့အခါ အထင်အမြင်သေးမှု၊ ခွဲခြားဆက်ဆံမှုတွေအထိ ရောက်သွားနိုင်ပါတယ်။

တခါတလေ တခြားလူမျိုး၊ တခြားဘာသာ၊ တခြားအသိုင်းအဝိုင်းတွေအပေါ် ထားရှိတဲ့အမြင်တွေဟာ ကိုယ်တိုင်လေ့လာသိရှိထားတာ မဟုတ်ဘဲ ကိုယ့်ပတ်ဝန်းကျင်ကနေ အမွေဆက်ခံထားတဲ့ အမြင်တွေ ဖြစ်နေတတ်ပါတယ်။

ဒါကြောင့်

“ဒီလူမျိုးတွေက ဒီလိုပဲ” လို့ မပြောခင်

“သူတို့ရဲ့အကြောင်းကို ငါဘယ်လောက် နားထောင်ဖူးသလဲ” လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်ပါတယ်။

ကိုယ်နားမလည်တဲ့ ရိုးရာဓလေ့တစ်ခုကို ဝေဖန်မယ့်အစား

“ဒီဓလေ့က သူတို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ” ဆိုတာ အရင်လေ့လာကြည့်သင့်ပါတယ်။

ဝေဖန်ဆုံးဖြတ်ခြင်းက တံခါးတွေကို ပိတ်တတ်ပေမယ့် စူးစမ်းသိလိုစိတ်ကတော့ အဲဒီတံခါးတွေကို ဖွင့်ပေးတတ်ပါတယ်။

စည်းလုံးညီညွတ်ခြင်းဆိုတာ အားလုံးတူညီသွားခြင်း မဟုတ်ပါဘူး

စည်းလုံးညီညွတ်ဖို့ဆိုရင် အားလုံး တစ်မျိုးတည်းတွေးရမယ်၊ တစ်မျိုးတည်း ယုံကြည်ရမယ်၊ တစ်ပုံစံတည်း နေထိုင်ရမယ်လို့ တချို့က ထင်တတ်ကြပါတယ်။

တကယ်တော့ ညီညွတ်ခြင်းနဲ့ တူညီခြင်းဟာ မတူပါဘူး။

သံစုံတေးသီချင်းတစ်ပုဒ်မှာ လူတိုင်း အသံတစ်သံတည်းကိုပဲ ဆိုနေကြမယ်ဆိုရင် လှပတဲ့သဟဇာတဖြစ်မှုကို ရနိုင်မှာမဟုတ်ပါဘူး။ မတူညီတဲ့အသံတွေက ကိုယ့်အသံကိုယ် ထွက်ပေါ်ရင်း တစ်ဖက်အသံကိုလည်း နားထောင်တတ်တဲ့အခါ သာယာလှပတဲ့ သံစုံတေးတစ်ပုဒ် ဖြစ်လာတာပါ။

လူ့အဖွဲ့အစည်းလည်း ဒီလိုပါပဲ။

အရာရာမှာမတူကြပေမယ့် အပြန်အလှန် လေးစားနိုင်ပါတယ်။

ကိုယ့်ရိုးရာကို ထိန်းသိမ်းရင်း တခြားသူရဲ့ရိုးရာကို တန်ဖိုးထားနိုင်ပါတယ်။

ကိုယ့်လူမျိုးကို ချစ်မြတ်နိုးဘို့ တခြားလူမျိုးထက် ကိုယ်က ပိုမြင့်မြတ်တယ်လို့ ယူဆစရာ မလိုပါဘူး။

စည်းလုံးညီညွတ်ခြင်းဆိုတာ မတူကွဲပြားမှုတွေကို ဖျောက်ပစ်ခြင်းမဟုတ်ဘဲ၊ မတူကွဲပြားမှုတွေနဲ့အတူ အတူတကွ ရှင်သန်တတ်ခြင်း ဖြစ်ပါတယ်။

မတူကွဲပြားမှုကို တန်ဖိုးထားတတ်ဘို့ ကိုယ့်ယဉ်ကျေးမှုကို စွန့်လွတ်စရာမလိုပါဘူး။

အထူးသဖြင့် မိမိတို့ရဲ့ မူလဒေသကနေ ရွှေ့ပြောင်းနေထိုင်ကြတဲ့ အသိုင်းအဝိုင်းတွေအတွက် ဘာသာစကား၊ သမိုင်း၊ ရိုးရာတေးဂီတ၊ ပုံပြင်တွေ၊ အစဉ်အလာနဲ့ အသိပညာတွေဟာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းဟာ အရေးကြီးပါတယ်။

ဒါပေမယ့် ယဉ်ကျေးမှုကို ချစ်တယ်ဆိုတာ ရိုးရာအားလုံးကို မေးခွန်းမထုတ်ဘဲ ဆက်လက်ထိန်းသိမ်းရမယ်လို့လည်း မဆိုလိုပါဘူး။

ဘယ်အရာတွေက လှပပြီး နောက်မျိုးဆက်ကို လက်ဆင့်ကမ်းသင့်သလဲ။

ဘယ်အရာတွေက ကျွန်မတို့အသိုင်းအဝိုင်းကို အတူတကွ ခိုင်မာစေခဲ့သလဲ။

တစ်ဖက်မှာလည်း

ဘယ်အရာတွေက လူသားတစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုကို ထိခိုက်စေနိုင်လို့ ပြန်လည်သုံးသပ်ဖို့ လိုနေပြီလဲ။

ဆိုတာကိုလည်း ရဲရဲဝံ့ဝံ့ မေးနိုင်ဖို့လိုပါတယ်။

ယဉ်ကျေးမှုတစ်ခုကို ချစ်ခြင်းနဲ့ အဲဒီယဉ်ကျေးမှုကို ပြန်လည်သုံးသပ်ခြင်းဟာ ဆန့်ကျင်ဘက်တွေ မဟုတ်ပါဘူး။ တခါတလေ ကိုယ့်အသိုင်းအဝိုင်းကို အမှန်တကယ် ချစ်မြတ်နိုးခြင်းဆိုတာ ပိုကောင်းတဲ့ဘက်ကို ပြောင်းလဲတိုးတက်လာနိုင်ဖို့ ကူညီပေးခြင်းလည်း ဖြစ်ပါတယ်။

မတူကွဲပြားခြင်းက ပေးနိုင်တဲ့ အကြီးမားဆုံးလက်ဆောင်တစ်ခုကတော့ ကိုယ့်အမြင်တစ်ခုတည်းဟာ ကမ္ဘာကြီးတစ်ခုလုံး မဟုတ်ဘူးဆိုတာ သိလာစေခြင်းပါပဲ။

ယဉ်ကျေးမှုတစ်ခုဆီက ဧည့်ဝတ်ကျေပွန်ခြင်းကို သင်ယူရနိုင်ပါတယ်။

တခြားအသိုင်းအဝိုင်းတစ်ခုဆီက လူကြီးသူမတွေကို ဂရုစိုက်တတ်ခြင်းကို သင်ယူရနိုင်ပါတယ်။

တချို့လူမျိုးတွေဆီက အခက်အခဲကြားမှာ ကြံ့ကြံ့ခံ ရှင်သန်တတ်ခြင်း၊ အချင်းချင်း ရိုင်းပင်းကူညီခြင်း၊ မျှဝေခြင်းနဲ့ ရပ်ရွာစိတ်ဓာတ်ကို သင်ယူရနိုင်ပါတယ်။

“ငါတို့က ပိုကောင်းတယ်” ဆိုတဲ့စိတ်နဲ့ မဟုတ်ဘဲ “ငါတို့ အချင်းချင်းဆီက ဘာတွေ သင်ယူနိုင်မလဲ” ဆိုတဲ့စိတ်နဲ့ တွေ့ဆုံကြတဲ့အခါ မတူကွဲပြားမှုဟာ အားနည်းချက်မဟုတ်တော့ဘဲ အင်အားတစ်ခု ဖြစ်လာပါတယ်။

ပန်းခြံထဲက ပန်းတိုင်းကို နှင်းဆီပန်းဖြစ်လာဖို့ ဘယ်သူမှ မတောင်းဆိုပါဘူး။

ပန်းတစ်ပွင့်ချင်းစီဟာ သူ့ကိုယ်ပိုင်အရောင်၊ သူ့ကိုယ်ပိုင်ပုံသဏ္ဌာန်၊ သူ့ကိုယ်ပိုင်အလှနဲ့ ပန်းခြံတစ်ခုလုံးရဲ့ အလှကို ဖြည့်စွက်ပေးနေပါတယ်။

လူ့အဖွဲ့အစည်းမှာလည်း ဒီလိုပါပဲ။

ကျွန်မတို့ရဲ့ ဘာသာစကားတွေ မတူနိုင်ပါတယ်။

ရိုးရာဓလေ့တွေ မတူနိုင်ပါတယ်။

သမိုင်းကြောင်းတွေ မတူနိုင်ပါတယ်။

ကိုးကွယ်ယုံကြည်မှုနဲ့ အတွေးအမြင်တွေလည်း မတူနိုင်ပါတယ်။

ဒါပေမယ့် အဲဒီမတူကွဲပြားမှုတွေရဲ့ အောက်မှာ ကျွန်မတို့အားလုံးကို ချိတ်ဆက်ပေးထားတဲ့ အရာတစ်ခု ရှိပါတယ်။

အဲဒါကတော့ လူသားဖြစ်ခြင်း ပါပဲ။

လှပတဲ့လူ့အဖွဲ့အစည်းဆိုတာ လူတိုင်း တစ်ပုံစံတည်း ဖြစ်သွားတဲ့ လူ့အဖွဲ့အစည်းမဟုတ်ပါဘူး။ မတူညီမှုတွေကို ကြောက်ရွံ့ခြင်းထက် စူးစမ်းသိလိုစိတ်နဲ့ ကြည့်တတ်တဲ့ လူ့အဖွဲ့အစည်း၊ အထင်အမြင်သေးခြင်းထက် အပြန်အလှန်လေးစားတတ်တဲ့ လူ့အဖွဲ့အစည်း၊ ခွဲခြားခြင်းထက် နားလည်ဖို့ ကြိုးစားတတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုသာ ဖြစ်ပါတယ်။

မတူကွဲပြားခြင်းက လူ့အဖွဲ့အစည်းကို အရောင်အသွေးစုံလင်စေတယ်။

အပြန်အလှန်လေးစားခြင်းကတော့ အဲဒီအရောင်တွေကို အတူတကွ လှပစွာ ရှင်သန်စေတာမကဘဲ အခြေခံလူမှုကျင့်ဝတ်( Moral Principles ) အခြေခဲအုတ်မြစ်လဲဖြစ်ပါတယ်။