Rhetoric, Human Dignity, and Social Responsibility
စကားအသုံးအနှုန်း ၊ လူ့ဂုဏ်သိက္ခာနှင့် လူမှုတာဝန်
စကားအသုံးအနှုန်း
“ငါးစိမ်းသည်မ”၊ “ဖာသည်မ”၊ “သူတောင်းစား” စတဲ့ စကားလုံးတွေကို တစ်စုံတစ်ယောက်အား နှိမ်ပြီးဆဲဆိုတဲ့ စကားအဖြစ် သုံးနေတာကြားတိုင်း ကျွန်မ စိတ်မကောင်းဖြစ်မိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဘဝမျိုးကို ဘယ်သူကများ ရွေးချယ်ပြီး ဖြစ်ချင်ပါ့မလဲ။ သူတို့လည်း သူတို့ဘဝနဲ့သူတို့ တစ်နေ့တာအသက်ရှင်ရပ်တည်နိုင်ဖို့ မနည်းရုန်းကန်ပြီး အားတင်းနေရသူတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလို အခက်အခဲတွေကြားမှာ ရှင်သန်နေကြရတဲ့ လူတွေရဲ့ ဘဝဖြစ်တည်မှုကိုပဲ တခြားသူတစ်ယောက်အား နှိမ်ပြီးဆဲဆိုဖို့ စကားလုံးအဖြစ် အသုံးပြုခြင်းဟာ သူတို့အတွက် အလွန်အသည်းနာစရာကောင်းပါတယ်။
တစ်ဖက်မှာလည်း ဒီလိုစကားလုံးတွေကို ဆဲဆိုစကားအဖြစ် ထပ်ခါတလဲလဲ အသုံးပြုနေခြင်းက အဲဒီဘဝအခြေအနေမှာ ရှိနေသူတွေကို အလိုလို အထင်သေးရမယ့်သူ၊ နှိမ်ရမယ့်သူ၊ လေးစားစရာမလိုတဲ့သူ တွေအဖြစ် လူ့အသိုင်းအဝိုင်းရဲ့ စိတ်သဘောထား ( mindset) တစ်မျိုးကို တဖြည်းဖြည်း ပုံသွင်းပေးနေသလိုလည်း ဖြစ်နေပါတယ်။
တကယ်တော့ ငါးစိမ်းရောင်းသူဖြစ်စေ၊ လိင်လုပ်ငန်းထဲ ရောက်ရှိနေသူဖြစ်စေ၊ လမ်းပေါ်မှာ တောင်းရမ်းအသက်မွေးနေရသူဖြစ်စေ သူတို့ရဲ့ ဘဝအခြေအနေ၊ အလုပ်အကိုင်နဲ့ လူမှုအဆင့်အတန်းတွေက သူတို့ရဲ့ လူသားတန်ဖိုးကို ဆုံးဖြတ်ပေးတာ မဟုတ်ပါဘူး။ သူတို့အားလုံးမှာလည်း ကျွန်မတို့လိုပဲ ခံစားချက်ရှိတယ်၊ နာကျင်မှုရှိတယ်၊ မျှော်လင့်ချက်ရှိတယ်၊ ကိုယ်ပိုင်ဘဝဇာတ်ကြောင်းတွေ ရှိကြပါတယ်။
အရေးကြီးဆုံးကတော့ လူ့ဂုဏ်သိက္ခာ လေးစားခြင်းရှိဘို့ အရေးကြီးပါတယ်။
သူတို့မှာလည်း ကျွန်မတို့နဲ့တန်းတူ လူသားဖြစ်ခြင်း လူ့ဂုဏ်သိက္ခာ ရှိပြီးသားပါ။ လူ့ဂုဏ်သိက္ခာဆိုတာ ချမ်းသာမှရတာ မဟုတ်ဘူး၊ ပညာတတ်မှရတာ မဟုတ်ဘူး၊
လူတစ်ယောက်ရဲ့ တန်ဖိုးကို သူ့ရဲ့ ပညာအရည်အချင်း၊ ပိုင်ဆိုင်မှု၊ လူမျိုး၊ ဘာသာ၊ ကျား/မ၊ လူမှုအဆင့်အတန်း ဒါမှမဟုတ် အာဏာရှိမှုနဲ့ တိုင်းတာလို့ မရပါဘူး။ လူဖြစ်လာတာနဲ့အမျှ လူတိုင်းမှာ တန်းတူညီမျှတဲ့ လူ့ဂုဏ်သိက္ခာရှိပြီးသား ဖြစ်ပါတယ်။
https://www.un.org/en/about-us/universal-declaration-of-human-rights
လူ့ဂုဏ်သိက္ခာကို လေးစားတယ်ဆိုတာ ကြီးကျယ်ခမ်းနားတဲ့အရာတခုတော့ မဟုတ်ပါဘူး။ ကိုယ့်ရှေ့မှာရှိတဲ့လူတယောက်ကို “သူလည်း ငါ့လိုပဲ တန်ဖိုးရှိတဲ့ လူသားတယောက်ဖြစ်တယ်” ဆိုတဲ့စိတ်နဲ့ ဆက်ဆံနိုင်ခြင်းကနေ စတင်ပါတယ်။ သူ့ရဲ့လူမျိုး၊ ဘာသာ၊ ကျားမ၊ ပညာအရည်အချင်း၊ စီးပွားရေးအခြေအနေ၊ ရာထူးဂုဏ်ရှိန် ဒါမှမဟုတ် ကိုယ်နဲ့ သဘောထားချင်းတူ၊ မတူဆိုတာတွေအပေါ် မူတည်ပြီး လူတယောက်ရဲ့တန်ဖိုးကို အနိမ့်အမြင့် မသတ်မှတ်သင့်ပါဘူး။ လူဖြစ်လာကတည်းက လူတိုင်းမှာ လေးစားခံထိုက်တဲ့ တန်ဖိုးနဲ့ ဂုဏ်သိက္ခာ ရှိပြီးသားပါ။
တကယ်တော့ လူ့ဂုဏ်သိက္ခာကို လေးစားခြင်းဆိုတာ ကိုယ်ပြောတဲ့စကား၊ ကိုယ်ဆက်ဆံတဲ့ပုံစံနဲ့ နေ့စဉ်အသေးအမွှားကိစ္စတွေထဲမှာပဲ ပေါ်လွင်လာပါတယ်။ ကိုယ့်ထက်အားနည်းတဲ့သူကို အနိုင်မကျင့်တာ၊ မသေချာတဲ့အကြောင်းအရာနဲ့ လူတယောက်ကို အလွယ်တကူ မစွပ်စွဲတာ၊ လူအများရှေ့မှာ အရှက်ခွဲမပြောတာ၊ သူ့ရဲ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ကိုယ်လိုပဲ တန်ဖိုးထားပေးတာတွေဟာ လူ့ဂုဏ်သိက္ခာကို လေးစားခြင်းရဲ့ အစိတ်အပိုင်းတွေပါပဲ။
ကျွန်မတို့ဟာ လူတိုင်းရဲ့ အပြုအမူကို သဘောမကျနိုင်ပါဘူး။ လူတိုင်းရဲ့အတွေးအခေါ်ကိုလည်း လက်မခံနိုင်ပါဘူး။ ဒါပေမဲ့ သဘောမတူခြင်းနဲ့ လူတယောက်ရဲ့ ဂုဏ်သိက္ခာကို မလေးစားခြင်းဟာ မတူပါဘူး။ ကိုယ်နဲ့မတူတဲ့သူကိုတောင် လူသားတယောက်အဖြစ် လေးစားစွာ ဆက်ဆံနိုင်ခြင်းက လူ့ဂုဏ်သိက္ခာကို တကယ်နားလည်ခြင်းလို့ ကျွန်မမြင်ပါတယ်။
လူမှုတာဝန်ယူမှုဆိုတာ ဘာလဲ?
ကျွန်မတို့ဟာ တစ်ဦးတည်း သီးခြားနေထိုင်ကြသူတွေ မဟုတ်ပါဘူး။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်း၊ ကိုယ်ရေးလိုက်တဲ့ စာတစ်ကြောင်း၊ ကိုယ်မျှဝေလိုက်တဲ့ သတင်းတစ်ပုဒ်၊ ကိုယ်လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ တခြားသူတွေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။
ဒါကြောင့် လူမှုတာဝန်ယူမှုဆိုတာ အစိုးရ၊ အဖွဲ့အစည်း ဒါမှမဟုတ် ခေါင်းဆောင်တွေရဲ့ တာဝန်တစ်ခုတည်း မဟုတ်ပါဘူး။ သာမန်ပြည်သူတစ်ယောက်ချင်းစီမှာလည်း တာဝန်ရှိပါတယ်။
မမှန်ကန်တဲ့သတင်းကို မဖြန့်ဝေခြင်း၊ အမုန်းစကားကို အားမပေးခြင်း၊ ခွဲခြားဆက်ဆံမှုကို မြင်တဲ့အခါ မျက်နှာလွှဲမနေခြင်း၊ အားနည်းသူတွေကို ကူညီခြင်း၊ မတူညီတဲ့အသံတွေကို နားထောင်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင်နဲ့ အများပိုင်ပစ္စည်းတွေကို ထိန်းသိမ်းခြင်း စတဲ့အကြောင်းအရာလေးတွေဟာလည်း လူမှုတာဝန်ယူမှုရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
အခွင့်အရေးနဲ့ တာဝန်
လူ့အခွင့်အရေးကို တောင်းဆိုတဲ့အခါ ကိုယ့်အခွင့်အရေးတစ်ခုတည်းကိုသာ မမြင်သင့်ပါဘူး။ ကိုယ့်မှာရှိတဲ့ အခွင့်အရေးဟာ တခြားသူတွေလည်း တန်းတူရရှိသင့်တဲ့ အခွင့်အရေးဖြစ်တယ် ဆိုတာကို သတိရဖို့လဲလိုပါတယ်။
ကိုယ်က လွတ်လပ်စွာ ပြောဆိုခွင့်ကို လိုချင်ရင် တခြားသူတွေရဲ့ အသံကိုလည်း နားထောင်ပေးဖို့ လိုပါတယ်။ ကိုယ်က လေးစားမှုကို လိုချင်ရင် တခြားသူတွေရဲ့ ဂုဏ်သိက္ခာကိုလည်း လေးစားဖို့လိုပါတယ်။ ကိုယ်က တရားမျှတမှုကို လိုချင်ရင် ကိုယ်နဲ့မတူသူတွေအတွက် ဖြစ်ပေါ်နေတဲ့ မတရားမှုကိုလည်း ဂရုစိုက်ဖို့လဲလိုပါတယ်။
နောက်ဆုံးပြောချင်တာက
ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ လူတိုင်းတစ်ပုံစံတည်း တွေးခေါ်နေတဲ့ လူ့အဖွဲ့အစည်းမဟုတ်ပါဘူး။ မတူကွဲပြားမှု၊ လူ့ဘဝအခြေအနေပေါင်းစုံတွေကြားမှာ အပြန်အလှန်လေးစားနိုင်ပြီး၊ အားနည်းသူကို ကာကွယ်ပေးနိုင်ကာ၊ ကိုယ့်အခွင့်အရေးနဲ့အတူ ကိုယ့်တာဝန်ကိုပါ သိရှိတဲ့ လူတွေရှိတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။
လူ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ကြီးမားတဲ့ ရာထူးအာဏာရှိဖို့ မလိုပါဘူး။ တစ်ခါတလေ လူတစ်ယောက်ရဲ့အသံကို နားထောင်ပေးခြင်း၊ မတရားမှုတစ်ခုကို မျက်နှာလွှဲမနေခြင်း၊ အားနည်းသူဘက်မှာ ရပ်တည်ပေးခြင်း၊ လူတစ်ယောက်ကို လူတစ်ယောက်လို တန်ဖိုးထား ပြောဆိုဆက်ဆံပေးခြင်းကနေ စတင်နိုင်ပါတယ်။
လူ့ဂုဏ်သိက္ခာကို လေးစားခြင်းဟာ ကိုယ်ချင်းစာတရားရဲ့ အစဖြစ်ပြီး၊ လူမှုတာဝန်ယူမှုဟာ အဲဒီကိုယ်ချင်းစာတရားကို လက်တွေ့အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်။
လက်တွေ့အကောင်အထည်ဖော်ရာမှာ နေ့စဥ်စကားအသုံးအနှုန်းလဲ အခြေခံ သတိထားရမဲ့ အချက်တခုဖြစ်ပါတယ်။