Long Walk to Freedom စာအုပ်မှသင်ယူမိတဲ့သင်ခန်းစာများ

ဒီအပတ်မှာတော့ တောင်အဖရိကနိုင်ငံရဲ့ ဒေသခံလူမျိုး ပထမဆုံး သမ္မတ Nelson Mandela ရဲ့ Long Walk to Freedom စာအုပ်အကြောင်း ပြောပြဘို့ရွေးချယ်ထားပါတယ်။ ဒီစာအုပ်ထွက်တာ ကြာပြီဆိုတော့ ဖတ်ပြီးကြမှာပါ။ လူတိုင်းဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လဲဖြစ်ပါတယ်။ သူ့ဘဝအကြောင်း သူကိုယ်တိုင်ရေးထားတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိပါ။ တောင်အာဖရိကမှာ ရွာကလေးတစ်ရွာကနေ စတင်ခဲ့တဲ့ သူ့ဘဝ၊ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ခဲ့တဲ့ လှုပ်ရှားမှု၊ ထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရတဲ့အချိန်တွေ၊ နောက်ဆုံးမှာ သူ့နိုင်ငံ ဒီမိုကရေစီဘက်ကို ပြောင်းလဲလာပုံတွေကို သူ့အမြင်နဲ့ ပြန်ပြောထားပါတယ်။

သူဟာ လူမျိုးရေးခွဲခြားမှုစနစ်ကို ဆန့်ကျင်ခဲ့လို့ ထောင်ထဲမှာ ၂၇ နှစ် နေခဲ့ရပြီး၊ ၁၉၉၀ မှာ လွတ်မြောက်လာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ တောင်အာဖရိကရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့ပါတယ်။

ဒီစာအုပ်ကို ဖတ်ရင်း ကျွန်မအတွက် စိတ်ထဲကျန်ခဲ့တာက Mandela တစ်ယောက်ထဲရဲ့ သတ္တိအကြောင်းပဲ မဟုတ်ပါဘူး။ လူကြီးသူမတွေရဲ့ သွန်သင်မှု၊ ပညာရေး၊ မိတ်ဆွေတွေရဲ့ ကူညီအားပေးမှု၊ ကြိုးစားအားထုတ်မှုတွေကလဲ သူ့ဘဝကို ပုံဖော်ပေးခဲ့တာပါ။

လွတ်လပ်ခြင်းဆိုတာ လူတိုင်းမှာ ဂုဏ်သိက္ခာရှိဖို့၊ တရားမျှတမှုရဖို့၊ ပညာသင်ခွင့်ရဖို့နဲ့ ကိုယ့်အသိုင်းအဝိုင်းအတွက် ပါဝင်

လုပ်ဆောင်နိုင်ဖို့လဲ လွတ်လပ်ခြင်းရဲ့ အစိတ်အပိုင်းတွေဖြစ်ကြောင်း ဒီစာအုပ်က သက်သေပြပါတယ်။

Nelson Mandela ငယ်ငယ်က ရွာကနေ မြို့ တက်ပြီး သူများအိမ်မှာ နေရင်း ကျောင်းတက်ခဲ့တဲ့ အကြောင်းတွေကို တွေးရင်း မြန်မာနိုင်ငံက ရွာကနေ မြို့ကိုတက်ပြီး ကျောင်းတက်ကြတဲ့ ကလေးတွေကိုလည်း သတိရမိပါတယ်။ တချို့က ဆွေမျိုးအိမ်မှာ၊ တချို့က ဘုရားကျောင်းမိသားစုတွေနဲ့၊ တချို့က စေတနာရှိတဲ့ မိသားစုတွေအိမ်မှာ နေပြီး ကျောင်းတက်ကြရပါတယ်။ အိမ်ကနေခွဲပြီး နေရတာ၊ နေရာအသစ်မှာ အဆင်ပြေအောင် ကြိုးစားရတာ မလွယ်ပါဘူး။ ဒါပေမဲ့ သူတို့ကို လက်ခံပေးတဲ့ မိသားစုတွေ၊ ထမင်းအတူစားပေးတဲ့သူတွေ၊ ဆက်လက်ပညာသင်ဖို့ အားပေးတဲ့သူတွေကြောင့် ကလေးတွေရဲ့ ရှေ့ရေးအတွက် တံခါးတစ်ချပ် ပွင့်လာနိုင်ပါတယ်။

နောက်တခုက Mandela က သူ့ဘိုးဘွားတွေရဲ့ သမိုင်းနဲ့ လူကြီးသူမတွေရဲ့ ဇာတ်ကြောင်းတွေကို နားထောင်ပြီး ကြီးပြင်းလာခဲ့သလို၊ ကျွန်မတို့ မြန်မာအသိုင်းအဝိုင်းမှာလည်း မိဘ၊ ဘိုးဘွား၊ ဆရာသမား၊ သင်းအုပ်ဆရာနဲ့ လူမှုခေါင်းဆောင်တွေ ပေးခဲ့တဲ့ အမွေအနှစ်တွေ ရှိပါတယ်။ သူတို့ရဲ့ ယုံကြည်ခြင်း၊ သတ္တိ၊ အနစ်နာခံမှုနဲ့ ပညာတွေကို ကျွန်မတို့က ကလေးတွေအပေါ် လက်ဆင့်ကမ်းခြင်း၊ ပညာရေးကို အားပေးခြင်း၊ လူထုအတွက် ရိုးသားစွာ လုပ်ဆောင်ခြင်းအားဖြင့် ဆက်လက်သယ်ဆောင်နိုင်ပါတယ်။

တောင်အာဖရိကနဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းတွေကတော့ မတူပါဘူး။ Mandela ရဲ့ အတွေ့အကြုံကို ကျွန်မတို့ရဲ့ အတွေ့အကြုံနဲ့ နှိုင်းလို့ မရပေမဲ့ သူ့ဘဝဇာတ်လမ်းက ကျွန်မတို့ကို မျှော်လင့်ချက်ပေးပါတယ်။ ကလေးတိုင်းပညာသင်နိုင်ဖို့၊ လူတိုင်း ဂုဏ်သိက္ခာနဲ့ တရားမျှတမှု ရရှိဖို့၊ နိုင်ငံခေါင်းဆောင်တွေက ပြည်သူအတွက် အမှန်တကယ် အကျိုးဆောင်ဖို့၊ နောက်မျိုးဆက်တွေအတွက် ပိုငြိမ်းချမ်းပြီး အခွင့်အလမ်းပိုများတဲ့ အနာဂတ်တစ်ခု ရှိလာဖို့ ရုန်းကန်ကြိုးစား ပေးဆပ်ကြတဲ့အရာတွေ အလဟသမဖြစ်ဘူးဆိုတဲ့ မျှော်လင့်ချက်ကိုပေးပါတယ်။

ဒီစာအုပ်က သူတစ်ယောက်တည်းရဲ့ ဘဝအကြောင်းသာမက၊ လွတ်လပ်ရေးအတွက် အတူရုန်းကန်ခဲ့ကြတဲ့ လူတွေရဲ့ ခရီးလမ်းအကြောင်းပါ ရေးသားထားတာဖြစ်ပါတယ်။

မှတ်သားစရာတွေကတော့

၁။ လွတ်လပ်မှုရရှိရန် ဇွဲလုံ့လလိုအပ်သည်
အဓိပ္ပာယ်ပြည့်ဝသော ပြောင်းလဲမှုဆိုတာ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်တယ်။ Mandela သည် အခက်အခဲတွေများစွာနဲ့ ထောင်ချခံရခြင်းကို ကြုံတွေ့ခဲ့သော်လည်း မိမိရည်မှန်းချက်ကို မစွန့်လွှတ်ခဲ့ပါ။

၂။ ပညာရေးသည် စွမ်းအားတစ်ခုဖြစ်သည်
ပညာသင်ယူခြင်းက မတရားမှုကို နားလည်ရန်၊ မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ရန်နှင့် ထိရောက်သောခေါင်းဆောင်တစ်ဦး ဖြစ်လာရန် ကူညီပေးပါတယ်။

၃။ သတ္တိဆိုသည်မှာ ကြောက်ရွံ့ခြင်းမရှိခြင်းမဟုတ်ပါ

“I learned that courage was not the absence of fear, but the triumph over it.”
သတ္တိဆိုတာ ကြောက်ရွံ့နေသော်လည်း ထိုကြောက်ရွံ့မှုကို ကျော်လွှားပြီး မှန်ကန်တဲ့အရာကို ဆက်လက်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

၄။ စစ်မှန်သောလွတ်လပ်မှုဟာ အားလုံးနဲ့သက်ဆိုင်ပါတယ်
လူအုပ်စုတစ်အုပ်စုစု ဖိနှိပ်ခံနေရသရွေ့ ဘယ်သူမှ အပြည့်အဝလွတ်လပ်ခြင်း မရှိနိုင်ပါ။ စစ်မှန်သောလွတ်လပ်မှုမှာ လူတိုင်းရဲ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးများပါပါဝင်ရပါတယ်။

၅။ ခေါင်းဆောင်မှုမှာ စွန့်လွှတ်အနစ်နာခံမှုလိုအပ်ပါတယ်
စစ်မှန်တဲ့ ခေါင်းဆောင်တစ်ဦးဟာ အများအကျိုးအတွက် မိမိရဲ့ကိုယ်ကျိုး၊ လုံခြုံမှု၊ အချိန်နှင့် ကိုယ်ပိုင်ဆန္ဒများကို စွန့်လွှတ်နိုင်ရမယ်။

၆။ မုန်းတီးခြင်းသည်လဲ အကျဥ်းထောင်တစ်ခုဖြစ်လာနိုင်ပါတယ်
နာကြည်းမှုနဲ့မုန်းတီးမှုတွေဟာ လူတစ်ဦးနဲ့ လူ့အဖွဲ့အစည်းကို ထိခိုက်စေပါတယ်။ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရာမှာ ခွင့်လွှတ်ခြင်းဆိုတာ အရေးကြီးကြောင်း Mandela လက်တွေ့ ကျင့်သုံးခဲ့ပါတယ်။

၇။ ပြန်လည်သင့်မြတ်ခြင်းက လက်စားချေခြင်းထက် ပိုမိုအားကောင်းပါတယ်
မတရားမှုကြုံတွေ့ပြီးနောက် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးရရှိဘို့ အမှန်တရား၊ တရားမျှတမှု၊ ဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ လိုအပ်ပါတယ်။

၈။ ဖိနှိပ်သောစနစ်ဟာ ဖိနှိပ်ခံရသူနဲ့ ဖိနှိပ်သူနှစ်ဦးစလုံးကို ထိခိုက်စေပါတယ်
မတရားသောစနစ်ဟာ ဖိနှိပ်ခံရသူရဲ့ လူ့ဂုဏ်သိက္ခာကို ဖျက်ဆီးသကဲ့သို့ ထိုစနစ်ကို လုပ်ဆောင်နေသူရဲ့ လူသားဆန်မှုကိုလည်း ပျက်စီးစေပါတယ်။

၉။ စည်းလုံးညီညွတ်မှုက ကွဲပြားမှုတွေကို အနိုင်ယူနိုင်ပါတယ်
လူမျိုး၊ နောက်ခံနဲ့ နိုင်ငံရေးအမြင်မတူသူများဟာ တရားမျှတတဲ့ရည်ရွယ်ချက်တစ်ခုအတွက် အတူတကွ မပူးပေါင်းနိုင်စရာမရှိပါဘူး။

၁၀။ အောင်မြင်တဲ့ လှုပ်ရှားမှုတိုင်းမှာ စည်းကမ်းရှိဘို့ အမြဲလိုအပ်ပါတယ်
ထိရောက်တဲ့ တော်လှန်ရေး ပြောင်းလဲမှုတစ်ခုအတွက် စိတ်ခံစားမှုတစ်ခုတည်းမလုံလောက်ပါဘူး။ အဖွဲ့အစည်းကောင်းမွန်ခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်ခြင်း၊ မဟာဗျူဟာကျကျ စဉ်းစားခြင်းနဲ့ စုပေါင်းတာဝန်ယူခြင်းတို့ လိုအပ်ပါတယ်။

၁၁။ အခြေအနေအလိုက် နည်းလမ်းများကို ပြောင်းလဲတတ်ရမယ်
ခေါင်းဆောင်များဟာ မိမိတို့ရဲ့ အခြေခံတန်ဖိုးများကို မစွန့်လွှတ်ဘဲ ပြောင်းလဲလာတဲ့ အခြေအနေများနဲ့ကိုက်ညီအောင် လုပ်ဆောင်သည့်နည်းလမ်းများကို ပြင်ဆင်ဘို့လိုပါတယ်။

၁၂။ လွတ်လပ်မှုဆိုတာ ဆက်လက်ထမ်းဆောင်ရမည့်တာဝန်ဖြစ်ပါတယ်
နိုင်ငံရေးလွတ်လပ်မှုရရှိခြင်းဟာ ခရီးရဲ့ အဆုံးမဟုတ်ပါဘူး၊ ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှု၊ ခွဲခြားဆက်ဆံမှုနဲ့ မတရားမှုတို့ကို ဆက်လက်ဖြေရှင်းရမယ့်တာဝန်ဖြစ်ပါတယ်။

စာအုပ်ကနေ အဓိက သင်ယူတာကတော့

လွတ်လပ်မှုဆီသို့သွားတဲ့ခရီးဟာ ရှည်လျားပြီး အဖိုးအခကြီးမားပေမယ့်လဲ သတ္တိ၊ ဇွဲလုံ့လ၊ စည်းကမ်း၊ ခွင့်လွှတ်ခြင်းနဲ့ စုပေါင်းတာဝန်ယူခြင်းတို့က လူတစ်ဦးချင်းနဲ့ နိုင်ငံတစ်နိုင်ငံလုံးကို အမှန်တကယ် ပြောင်းလဲပေးနိုင်တယ် ဆိုတာသက်သေဘဲဖြစ်ပါတယ်။

Mandela ရဲ့ “လွတ်လပ်ရေးဆီသို့ ရှည်လျားတဲ့ခရီး” က ကျွန်မကို သတိပေးတာက လူမျိုးတစ်မျိုးရဲ့ ခရီးလမ်းဆိုတာ မျိုးဆက်တစ်ဆက်ထဲနဲ့ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ပညာရေး၊ သတ္တိ၊ စေတနာ၊ အနစ်နာ၊ ကြင်နာညာတာမှုနဲ့ နောက်လာမယ့် ကလေးတွေအတွက် မျှော်လင့်ချက်တွေကို မျိုးဆက်တစ်ဆက်ကနေ တစ်ဆက်ဆီ လက်ဆင့်ကမ်းသွားရတဲ့ ခရီးလမ်းလဲဖြစ်ပါတယ်ဆိုတာလဲ မီးမောင်းထိုးပြထားပါတယ်။