Myanmar Affairs: Past, Present, and Future

မြန်မာနိုင်ငံ့အရေး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်

တစ်ချိန်တုန်းက မြန်မာပြည်ဟာ အာရှကျားဖြစ်ခဲ့တယ်တို့၊ စင်္ကာပူကတောင် မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို အားကျပြီး လေ့လာခဲ့ရတယ်တို့၊ မြန်မာနိုင်ငံက ပညာရေးဘွဲ့ရတွေကို ကမ္ဘာက လေးစားခဲ့ကြတယ်တို့ စသဖြင့် မြိန်ရေယှက်ရေ ပြောဆိုနေကြတာကို ခဏခဏကြားဖူးပါတယ်။ စာတွေထဲမှာလည်း ဖတ်ဖူးပါတယ်။

ဒါပေမယ့် ကျွန်မစိတ်ထဲမှာ မေးခွန်းတစ်ခု အမြဲရှိနေခဲ့ပါတယ်။

အဲဒီခေတ်က မြန်မာပြည် ဘာကြောင့် တိုးတက်ခဲ့တာလဲ။

ဘယ်သူတွေက တည်ဆောက်ခဲ့ကြတာလဲ။

ဘယ်လိုအုပ်ချုပ်ရေးစနစ်တွေ၊ ဘယ်လိုပညာရေးစနစ်တွေ၊ ဘယ်လိုခေါင်းဆောင်မှုတွေနဲ့ တိုင်းပြည်ကို တည်ဆောက်ခဲ့ကြတာလဲ။

အဲဒီမေးခွန်းတွေကိုတော့ ဆက်ပြီး ရှင်းပြကြတာ သိပ်မကြားခဲ့ဖူးပါဘူး။

တကယ်တော့ မြန်မာနိုင်ငံရဲ့ ခေတ်မီအုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးလာခဲ့တဲ့ သမိုင်းကို ပြန်ကြည့်ရင် ဗြိတိသျှကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ အနောက်နိုင်ငံ ခရစ်ယာန်သာသနာပြုတွေရဲ့ ပံ့ပိုးကူညီမှုတွေကို ချန်လှပ်ထားလို့ မရပါဘူး။

ဗြိတိသျှအုပ်ချုပ်ရေးခေတ်မှာ ရထားလမ်းတွေ၊ ဆိပ်ကမ်းတွေ၊ သတုတွင်းတွေ၊ မြို့ပြအခြေခံအဆောက်အအုံတွေ၊ အုပ်ချုပ်ရေးဌာနတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ တည်ဆောက်ခဲ့ကြပါတယ်။

အမေရိကန်နဲ့ အခြားအနောက်နိုင်ငံတွေက ခရစ်ယာန်သာသနာပြုတွေဟာလည်း ပညာရေး၊ ကျန်းမာရေး၊ စာပေနဲ့ လူမှုဖွံ့ဖြိုးရေးကဏ္ဍတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြပါတယ်။ အထူးသဖြင့် ပညာရေးနဲ့ ကျန်းမာရေးအခွင့်အလမ်း နည်းပါးခဲ့တဲ့ ဒေသတွေမှာ သူတို့ရဲ့ အကျိုးပြုမှုတွေကို တွေ့နိုင်ပါတယ်။

ဒီလိုပြောတာဟာ ဗြိတိသျှကိုလိုနီစနစ်ကို ကောင်းမွန်တဲ့စနစ်တစ်ခုအဖြစ် ချီးကျူးနေတာ မဟုတ်ပါဘူး။

ကိုလိုနီစနစ်မှာ ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ စီးပွားရေးအကျိုးအမြတ် ထုတ်ယူမှုတွေနဲ့ လူမျိုးစုတွေကြား သက်ရောက်မှုတွေ ရှိခဲ့တာကိုလည်း ငြင်းလို့မရပါဘူး။ အဲဒီခေတ်က တည်ဆောက်မှုတွေဟာလည်း ကိုလိုနီအုပ်ချုပ်ရေးနဲ့ စီးပွားရေးအကျိုးစီးပွားအတွက် အဓိကရည်ရွယ်ခဲ့တာတွေ ပါဝင်ပါတယ်။

ဒါပေမယ့် မကောင်းခဲ့တာတွေကို ထောက်ပြရင်း ကောင်းမွန်ခဲ့တဲ့ အရာတွေကိုပါ ဖျောက်ပစ်လို့ မရသလို၊ ကောင်းမွန်ခဲ့တာတွေကို အသိအမှတ်ပြုရင်း မတရားမှုတွေကိုလည်း မေ့ထားလို့ မရပါဘူး။

သမိုင်းကို သင်ယူတယ်ဆိုတာ အဲဒီလို နှစ်ဖက်စလုံးကို မြင်နိုင်ဖို့ ဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ ကျောင်းသင်ခန်းစာတွေမှာ ကိုလိုနီစနစ်ရဲ့ ဆိုးကျိုးတွေ၊ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အလေးထားသင်ကြားခဲ့ကြပေမယ့် အဲဒီခေတ်က အုပ်ချုပ်ရေးစနစ်တွေ ဘယ်လိုလည်ပတ်ခဲ့သလဲ၊ မြို့ပြတွေကို ဘယ်လိုစီမံတည်ဆောက်ခဲ့သလဲ၊ ပညာရေးနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေ ဘယ်လိုဖွံ့ဖြိုးခဲ့သလဲဆိုတဲ့ အကြောင်းအရာတွေကိုလည်း လုံလုံလောက်လောက် လေ့လာသင်ကြားပေးသင့်ပါတယ်။

ကိုလိုနီခေတ်က ပညာသင်ယူခဲ့ကြတဲ့ မြန်မာပညာရှင်တွေ၊ တိုင်းရင်းသားပညာရှင်တွေ၊ ဆရာဆရာမတွေ၊ ဆရာဝန်တွေ၊ လူမှုရေးခေါင်းဆောင်တွေကလည်း တိုင်းပြည်ဖွံ့ဖြိုးရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတာကို မေ့ထားလို့ မရပါဘူး။

သမိုင်းကို အမုန်းတရားမွေးဖို့ သင်ကြားတာထက် တိုင်းပြည်တည်ဆောက်နည်းကို သင်ယူနိုင်ဖို့ သင်ကြားတာက ပိုအကျိုးရှိပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ မရှိခဲ့ဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် အုပ်ချုပ်ရေးအပြောင်းအလဲတွေ၊ စစ်အာဏာသိမ်းမှုတွေ၊ ပြည်တွင်းစစ်တွေ၊ စီးပွားရေးစနစ်မှားယွင်းမှုတွေနဲ့ အဂတိလိုက်စားမှုတွေကြောင့် ရှိပြီးသား အခြေခံကောင်းတွေကိုတောင် ဆက်လက်ထိန်းသိမ်းဖွံ့ဖြိုးအောင် မလုပ်နိုင်ခဲ့တဲ့ အခြေအနေတွေ အများကြီးရှိခဲ့ပါတယ်။

၂၀၂၈ ခုနှစ်ဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေးရတာ နှစ် ၈၀ ပြည့်ပါပြီ။

နှစ်ပေါင်း ၈၀ နီးပါးကြာတဲ့အထိ ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေ၊ အဖွဲ့အစည်းတွေနဲ့ အခြေခံအဆောက်အအုံအချို့ကို ယနေ့တိုင် အသုံးပြုနေရတာဟာ သမိုင်းဝင်အမွေအနှစ်တွေကို ထိန်းသိမ်းထားနိုင်ခြင်းလို့ ဂုဏ်ယူစရာရှိပေမယ့် တစ်ဖက်မှာလည်း ကျွန်မတို့ကိုယ်တိုင် ဘာတွေထပ်ဆင့်တည်ဆောက်နိုင်ခဲ့ပြီလဲဆိုတာ ပြန်မေးဖို့ လိုပါတယ်။

ရန်ကုန်မြို့ရဲ့ ရေပေးဝေရေးစနစ်ကနေ ရထားလမ်းတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ အုပ်ချုပ်ရေးအဆောက်အအုံတွေအထိ အတိတ်က အမွေအနှစ်တွေကို လေ့လာကြည့်ပြီး အဲဒီထက် ပိုမိုကောင်းမွန်တဲ့ စနစ်တွေကို ဘာကြောင့် မတည်ဆောက်နိုင်ခဲ့သလဲဆိုတာ ဆန်းစစ်ကြဖို့ လိုပါတယ်။

အဆောက်အအုံတွေ ပျက်စီးသွားတာထက် ပိုပြီး စိုးရိမ်စရာကောင်းတာက ကျွန်မတို့ရဲ့ လူမှုတန်ဖိုးထားမှုတွေနဲ့ စိတ်ဓာတ်တွေပါ ပျက်ယွင်းလာတာ ဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှုကို ရှက်စရာလို့ မမြင်တော့ဘဲ အခွင့်အရေးတစ်ခုလို မြင်လာကြတာ၊ ရာထူးအာဏာကို အသုံးချပြီး ချမ်းသာလာတဲ့သူတွေကို အထင်ကြီးလာကြတာ၊ ရိုးသားစွာ အလုပ်လုပ်သူတွေထက် အာဏာနဲ့ ငွေကြေးရှိသူတွေကို ပိုလေးစားလာကြတာတွေဟာ လူ့အဖွဲ့အစည်းတစ်ခုအတွက် အလွန်စိုးရိမ်စရာကောင်းပါတယ်။

ဒီလိုအခြေအနေမှာ ရိုးသားသူက အခက်အခဲတွေကြုံရပြီး မရိုးသားသူက အခွင့်အရေးပိုရနေတဲ့ လူ့အဖွဲ့အစည်းမျိုး ဖြစ်လာနိုင်ပါတယ်။

ပြည်တွင်းမှာတင် မဟုတ်ပါဘူး။

ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းတွေကြားမှာလည်း တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးကူညီရမယ့်အစား အပြန်အလှန်တိုက်ခိုက်တာ၊ အမြင်မတူတာနဲ့ ပုဂ္ဂိုလ်ရေးထိခိုက်အောင် ပြောဆိုတာ၊ အောင်မြင်နေသူကို ဝိုင်းဆွဲချဖို့ ကြိုးစားတာတွေကို တွေ့မြင်နေရပါတယ်။

ပြည်ပရောက် မြန်မာတွေအားလုံး ဒီလိုဖြစ်နေကြတာတော့ မဟုတ်ပါဘူး။ အချင်းချင်းကူညီပံ့ပိုးပြီး လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုနေသူတွေလည်း အများကြီးရှိပါတယ်။

ဒါပေမယ့် အွန်လိုင်းပေါ်မှာ မြင်တွေ့နေရတဲ့ အပြန်အလှန်စော်ကားမှုတွေ၊ မုန်းတီးစကားတွေ၊ အထောက်အထားမရှိတဲ့ စွပ်စွဲချက်တွေဟာ ကျွန်မတို့အသိုင်းအဝိုင်းရဲ့ ပုံရိပ်နဲ့ အချင်းချင်းယုံကြည်မှုကို ထိခိုက်စေပါတယ်။

ဒီနေ့ခေတ်မှာ လူမှုကွန်ရက်နဲ့ AI ဘာသာပြန်နည်းပညာတွေကြောင့် ဘာသာစကားအတားအဆီးတွေ ပိုမိုလျော့နည်းလာပါပြီ။ ကိုယ်ရေးသားပြောဆိုတဲ့ အကြောင်းအရာတွေကို အခြားဘာသာစကားပြောသူတွေပါ ပိုမိုလွယ်ကူစွာ နားလည်နိုင်လာကြပါတယ်။

ဒါကြောင့် ကိုယ်ပြောတဲ့စကား၊ ကိုယ်ရေးတဲ့စာတွေအတွက် တာဝန်ယူတတ်ဖို့ ပိုလိုအပ်လာပါတယ်။

သို့သော် အမှားကို ထောက်ပြတာ၊ မတရားမှုကို ဖော်ထုတ်တာဟာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာ မဟုတ်ပါဘူး။ အမှန်တရားကို အခြေခံပြီး တာဝန်ယူဝေဖန်ခြင်းဟာ လူ့အဖွဲ့အစည်းကို ပြုပြင်တည်ဆောက်ဖို့ လိုအပ်တဲ့ အရာတစ်ခုပါ။

ဝေဖန်ခြင်းနဲ့ ဖျက်ဆီးခြင်းကို ခွဲခြားတတ်ဖို့ပဲ လိုပါတယ်။

ဒီနေရာမှာ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပျက်စီးမှုအားလုံးကို ဗြိတိသျှကိုလိုနီစနစ်ကြောင့်လို့ပဲ ဆက်ပြီး အပြစ်တင်နေကြမှာလား။ အနောက်နိုင်ငံတွေကြောင့်လို့ပဲ လက်ညှိုးထိုးနေကြမှာလား။

သမိုင်းမှာ ပြင်ပအင်အားတွေရဲ့ သက်ရောက်မှုတွေ ရှိခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီးနောက် ကျွန်မတို့နိုင်ငံကို ဦးဆောင်ခဲ့သူတွေရဲ့ ဆုံးဖြတ်ချက်တွေ၊ အုပ်ချုပ်ရေးစနစ်တွေ၊ အာဏာကို အသုံးချပုံတွေနဲ့ ပြည်တွင်းပဋိပက္ခတွေမှာလည်း တာဝန်ရှိပါတယ်။

အထူးသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးနဲ့ အာဏာရှင်စနစ်တွေကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနဲ့ လူမှုဘဝတွေမှာ ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီတာဝန်တွေကို မြန်မာပြည်သားအားလုံးအပေါ် တစ်ပြေးညီ ပုံချလို့ မရပါဘူး။ အာဏာရှိသူနဲ့ အာဏာမရှိသူ၊ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံရသူ၊ စနစ်ကို ဖန်တီးသူနဲ့ စနစ်ကြောင့် နစ်နာသူတွေကို ခွဲခြားမြင်ဖို့ လိုပါတယ်။

ဒါပေမယ့် အနာဂတ်ကို ပြန်လည်တည်ဆောက်ဖို့ဆိုရင် ကျွန်မတို့တစ်ဦးချင်းစီမှာလည်း ကိုယ်တတ်နိုင်တဲ့အပိုင်းကနေ ပါဝင်ဖို့ တာဝန်ရှိပါတယ်။

ဒါဆို မြန်မာနိုင်ငံကို ဘယ်လိုပြန်တည်ဆောက်ကြမလဲ။

ကျွန်မအမြင်မှာ တိုင်းပြည်တစ်ပြည်ကို ပြန်လည်တည်ဆောက်ဖို့ဆိုတာ လမ်းတွေ၊ တံတားတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ ပြန်ဆောက်ရုံနဲ့ မလုံလောက်ပါဘူး။

အဲဒီအရာတွေကို ရေရှည်တည်တံ့အောင် စီမံခန့်ခွဲနိုင်မယ့် စနစ်တွေ၊ အဖွဲ့အစည်းတွေ၊ လူ့တန်ဖိုးထားမှုတွေကိုပါ ပြန်တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

ပထမဆုံး ပြန်တည်ဆောက်ရမှာက အမှန်တရားကို လက်ခံနိုင်တဲ့ စိတ်ဓာတ်ပါ။

ကိုယ့်သမိုင်းကို ကိုယ်နှစ်သက်သလို ရေးသားပြီး ကိုယ်မနှစ်သက်တဲ့ အချက်တွေကို ဖျောက်ထားနေသရွေ့ သမိုင်းကနေ သင်ခန်းစာယူနိုင်မှာ မဟုတ်ပါဘူး။

ကောင်းခဲ့တာကို ကောင်းခဲ့တယ်လို့ အသိအမှတ်ပြုရဲရပါမယ်။ မှားခဲ့တာကိုလည်း မှားခဲ့တယ်လို့ ဝန်ခံရဲရပါမယ်။

ဒုတိယ ပြန်တည်ဆောက်ရမှာက တရားမျှတပြီး တာဝန်ခံမှုရှိတဲ့ အုပ်ချုပ်ရေးစနစ်ပါ။

တိုင်းပြည်တစ်ပြည် တိုးတက်ဖို့ ခေါင်းဆောင်ကောင်းတစ်ယောက်တည်း ရှိရုံနဲ့ မလုံလောက်ပါဘူး။

ဘယ်သူပဲ အာဏာရရ၊ ဘယ်သူပဲ ရာထူးကြီးကြီး ဥပဒေအထက်မှာ မရှိနိုင်တဲ့ စနစ်တစ်ခု လိုပါတယ်။ ပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်တဲ့ တရားစီရင်ရေး၊ ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ရေးနဲ့ အဂတိလိုက်စားမှုကို ထိန်းချုပ်နိုင်တဲ့ အဖွဲ့အစည်းတွေ လိုအပ်ပါတယ်။

တတိယ ပြန်တည်ဆောက်ရမှာက ပညာရေးပါ။

ပညာရေးဆိုတာ စာမေးပွဲအောင်ဖို့၊ ဘွဲ့ရဖို့၊ အလုပ်ရဖို့သက်သက် မဟုတ်ပါဘူး။

မေးခွန်းထုတ်တတ်ဖို့၊ အကြောင်းအရာတစ်ခုကို ရှုထောင့်အမျိုးမျိုးကနေ သုံးသပ်တတ်ဖို့၊ အမှန်တရားကို ရှာဖွေတတ်ဖို့၊ အမြင်မတူသူကို နားထောင်တတ်ဖို့နဲ့ ပြဿနာတွေကို ဖြေရှင်းတတ်ဖို့ ပညာသင်ကြားပေးရမှာ ဖြစ်ပါတယ်။

သမိုင်းကိုလည်း ဘယ်သူ့ကိုမုန်းရမယ်၊ ဘယ်သူ့ကိုချစ်ရမယ်ဆိုတာ သင်ကြားပေးဖို့ထက် ဘာကြောင့် တိုးတက်ခဲ့သလဲ၊ ဘာကြောင့် ကျဆင်းခဲ့သလဲ၊ ဘယ်လိုအမှားတွေကို ထပ်မလုပ်သင့်သလဲဆိုတာ သင်ယူနိုင်ဖို့ သင်ကြားပေးသင့်ပါတယ်။

စတုတ္ထ ပြန်တည်ဆောက်ရမှာက လူ့ဂုဏ်သိက္ခာနဲ့ အချင်းချင်းလေးစားမှုပါ။

လူတစ်ယောက်ရဲ့ တန်ဖိုးကို သူ့ရဲ့ရာထူး၊ ငွေကြေး၊ လူမျိုး၊ ဘာသာ၊ အာဏာနဲ့ မတိုင်းတာဘဲ သူ့ရဲ့ရိုးသားမှု၊ အရည်အချင်း၊ တာဝန်ယူမှုနဲ့ လူသားဆန်မှုကို အခြေခံပြီး တန်ဖိုးထားတတ်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတစ်မျိုးတည်းရဲ့ နိုင်ငံမဟုတ်ပါဘူး။ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။

ဒါကြောင့် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ လူမျိုးစုအသီးသီးရဲ့ အခွင့်အရေး၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ ဆန္ဒတွေနဲ့ အပြန်အလှန်ယုံကြည်မှုတွေကို လေးစားအသိအမှတ်ပြုဖို့ လိုပါတယ်။

ပဉ္စမ ပြန်တည်ဆောက်ရမှာက ပူးပေါင်းဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်ပါ။

ကိုယ့်ထက်တော်သူကို မနာလိုဖြစ်မယ့်အစား သူ့ဆီက သင်ယူတတ်ဖို့၊ ကိုယ့်ထက်အောင်မြင်သူတွေ၊ ကိုယ့်ထက်လုပ်နိုင်သူတွေကို ဆွဲချမယ့်အစား သူ့တို့လုပ်ဆောင်မှုကို အသိအမှတ်ပြုတတ်ဖို့၊ တတ်နိုင်တဲ့ဘက်ကနေပံ့ပိုးကူညီဖြည့်ဆည်းပေးဘို့ ကိုယ့်နဲ့အမြင်မတူသူကို ရန်သူလိုမမြင်ဘဲ ဆွေးနွေးညှိနှိုင်းတတ်ဖို့ လိုပါတယ်။

အချင်းချင်း ပံ့ပိုးကူညီတတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခု မတည်ဆောက်နိုင်ဘဲ တိုင်းပြည်ကြီးတစ်ခုကို တည်ဆောက်ဖို့ မလွယ်ပါဘူး။

ဒါပေမယ့် စိတ်ဓာတ်ကောင်းရှိရုံနဲ့လည်း မလုံလောက်ပါဘူး။ လူကောင်းတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပြီး အကျင့်ပျက်သူတွေ အခွင့်အရေးမရနိုင်တဲ့ စနစ်မျိုးကိုပါ တည်ဆောက်ရမှာ ဖြစ်ပါတယ်။

နောက်ဆုံး ပြောချင်တာက

ကျွန်မတို့ဟာ အတိတ်က မြန်မာပြည် ဘယ်လောက်ကြီးကျယ်ခဲ့တယ်ဆိုတာကို ပြောရင်း ဂုဏ်ယူနေကြတာ ကြာလှပါပြီ။

ဒါပေမယ့် အတိတ်က ကြီးကျယ်မှုဟာ ယနေ့ကျွန်မတို့ရဲ့ အောင်မြင်မှု မဟုတ်ပါဘူး။

အတိတ်က တည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေ၊ အဖွဲ့အစည်းတွေကို စမြှို့ပြန်ပြီး ဂုဏ်ယူနေမယ့်အစား ကျွန်မတို့ကိုယ်တိုင် ဘာတွေ တည်ဆောက်နိုင်ခဲ့ပြီလဲဆိုတာကို ပြန်မေးကြည့်ဖို့ လိုပါတယ်။

ကျွန်မတို့ရဲ့ မျိုးဆက်ဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စစ်အာဏာရှင်စနစ်တွေ၊ စီးပွားရေးအခက်အခဲတွေ၊ လူမှုရေးပြဿနာတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ မျိုးဆက်တစ်ခု ဖြစ်ပါတယ်။

နိုင်ငံရပ်ခြားကို ရောက်သွားတဲ့အခါမှာလည်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေကြောင့် ကိုယ့်နိုင်ငံသားဖြစ်မှုအပေါ် သိမ်ငယ်စိတ်တွေ ခံစားခဲ့ရသူတွေ အများကြီး ရှိပါတယ်။

ဒါပေမယ့် မြန်မာပြည်သားဖြစ်ခြင်းကိုယ်တိုင်က ရှက်စရာမဟုတ်ပါဘူး။ ရှက်စရာက လူ့ဂုဏ်သိက္ခာကို ချိုးဖောက်တဲ့ စနစ်တွေ၊ မတရားမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကို ပြုပြင်ဖို့ မကြိုးစားဘဲ လက်ခံနေခြင်းပါ။

ကျွန်မတို့ရဲ့ နောက်မျိုးဆက်တွေဟာ မြန်မာပြည်သားဖြစ်ရတာကို သိမ်ငယ်စိတ်နဲ့ မဟုတ်ဘဲ လွတ်လပ်မှု၊ တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာနဲ့အတူ ဂုဏ်ယူစွာ ရပ်တည်နိုင်ကြစေချင်ပါတယ်။

တိုင်းပြည်တစ်ပြည်ရဲ့ တကယ့်ကြီးကျယ်မှုဆိုတာ အတိတ်က ဘယ်လောက်ချမ်းသာခဲ့သလဲ၊ ဘယ်လောက်အင်အားကြီးခဲ့သလဲဆိုတာနဲ့ပဲ မတိုင်းတာသင့်ပါဘူး။

ယနေ့ ပြည်သူတွေ ဘယ်လောက်လုံခြုံစွာ နေထိုင်နိုင်ကြသလဲ၊ ဘယ်လောက်လွတ်လပ်စွာ တွေးခေါ်ပြောဆိုနိုင်ကြသလဲ၊ ဘယ်လောက်တရားမျှတမှု ရရှိကြသလဲ၊ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဘယ်လောက်တန်ဖိုးထားကြသလဲဆိုတာနဲ့ တိုင်းတာရမှာ ဖြစ်ပါတယ်။

အတိတ်ကို ပြန်ပြောင်းပြောဆိုရင်း ဂုဏ်ယူနေကြမယ့်အစား အနာဂတ်မျိုးဆက်တွေ ဂုဏ်ယူနိုင်မယ့် နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ကြဖို့ အချိန်တန်နေပါပြီ။

အတိတ်က ဘယ်သူတွေ တည်ဆောက်ပေးခဲ့သလဲဆိုတာကို သိဖို့လိုသလို အနာဂတ်မှာ ကျွန်မတို့ကိုယ်တိုင် ဘာတွေတည်ဆောက်ပေးခဲ့သလဲဆိုတဲ့ မေးခွန်းကိုလည်း ဖြေနိုင်ကြဖို့ လိုပါတယ်။

Voices & Verses