Self-Discovery Part Four
မိမိကိုယ်ကို ရှာဖွေခြင်း အပိုင်း (၄)
အားနည်းချက်မှ ဉာဏ်ပညာဆီသို့
Turning Weaknesses into Wisdom
အပိုင်း (၃) မှာ မိမိရဲ့အားသာချက်ကို ရှာဖွေပြီး ပြုစုပျိုးထောင်ခြင်းအကြောင်း မျှဝေခဲ့ပါတယ်။ မိမိမှာရှိတဲ့အားသာချက်ကို သိမြင်ခြင်းဟာ ကိုယ်သွားလိုတဲ့ ဘဝခရီးအတွက် တန်ဖိုးရှိတဲ့အရင်းအနှီးတစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့ မိမိကိုယ်ကို အမှန်တကယ်ရှာဖွေသိရှိခြင်းဆိုတာ အားသာချက်တွေကိုသာ သိရှိခြင်းမဟုတ်ပါဘူး။ မိမိမကျွမ်းကျင်တဲ့နေရာ၊ လုပ်ဆောင်ဖို့ခက်ခဲတဲ့အရာ၊ ထပ်ခါတလဲလဲ မှားယွင်းနေတဲ့အကျင့်နဲ့ ကိုယ့်ရဲ့အကန့်အသတ်တွေကိုပါ ရိုးသားစွာ သိမြင်နိုင်ဖို့လိုပါတယ်။
တစ်ခါတစ်ရံ ကျွန်မတို့ဟာ မိမိရဲ့အမှားကို မြင်တာထက် သူတစ်ပါးရဲ့အမှားကို ပိုလွယ်ကူစွာ မြင်တတ်ကြပါတယ်။ သူတစ်ပါးကို အပြစ်ရှာခြင်း၊ ကဲ့ရဲ့ခြင်းနဲ့ အလျင်စလိုဆုံးဖြတ်ခြင်းတို့ ပြုမိတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတစ်ခုကတော့ မိမိရဲ့အားနည်းချက်ကို မသိမြင်သေးခြင်း သို့မဟုတ် သိမြင်ပေမဲ့ လက်မခံနိုင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
ခရစ်ယာန်ကျမ်းစာ ဖြစ်တဲ့ ရှင်မဿဲခရစ်ဝင် ၇:၃–၅ မှာ သခင်ယေရှုက အခြားသူရဲ့မျက်စိထဲက ငြောင့်ငယ်ကို မကြည့်မီ မိမိမျက်စိထဲက တံကျင်ကို အရင်မြင်ဖို့ သွန်သင်ထားပါတယ်။
မိမိရဲ့အားနည်းချက်ကို ရိုးသားစွာမြင်နိုင်မှသာ အခြားသူရဲ့အားနည်းချက်ကို အပြစ်တင်ခြင်းထက် စာနာနားလည်မှုနဲ့ တုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်။
လူအများစုအတွက် ကိုယ့်ရဲ့အားသာချက်ကို ပြောပြရတာထက် အားနည်းချက်ကို ဝန်ခံရတာက ပိုခက်ပါတယ်။ ကိုယ့်အားနည်းချက်ကို သူများသိသွားရင် အထင်သေးမှာ၊ မလေးစားတော့မှာ သို့မဟုတ် ကိုယ့်ရဲ့တန်ဖိုးလျော့သွားမှာကို စိုးရိမ်တတ်ကြပါတယ်။
ဒါကြောင့် ကိုယ့်အားနည်းချက်ကို ဖုံးကွယ်ခြင်း၊ အကြောင်းပြခြင်း သို့မဟုတ် အခြားသူတွေကို အပြစ်ပုံချခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်တတ်ကြပါတယ်။
တကယ်တော့ အားနည်းချက်ရှိခြင်းဟာ အရှက်ရစရာမဟုတ်ပါဘူး။ လူတိုင်းမှာ အားသာချက်ရှိသလို အားနည်းချက်လည်း ရှိပါတယ်။ ကိုယ်မလုပ်နိုင်တဲ့အရာကို အခြားသူတစ်ယောက်က ကောင်းစွာလုပ်ဆောင်နိုင်သလို သူမလုပ်နိုင်တဲ့အရာကိုလည်း ကိုယ်က ကောင်းစွာလုပ်နိုင်ပါတယ်။
ဒီလိုမတူညီမှုတွေကြောင့်ပဲ လူတွေဟာ တစ်ဦးရဲ့လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေးပြီး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ကြတာ ဖြစ်ပါတယ်။
တိုးတက်လိုတဲ့သူတွေဟာ သူတို့ရဲ့အားနည်းချက်နဲ့ လိုအပ်ချက်တွေကို သိရှိနိုင်ဖို့ ယုံကြည်ရသူတွေရဲ့အမြင်နဲ့ အကြံပြုချက်ကို တောင်းခံတတ်ကြပါတယ်။ အပြုသဘောဆောင်တဲ့ ထောက်ပြမှုတွေကို လက်ခံပြီး မိမိတို့ရဲ့အတွေးအခေါ်၊ အပြုအမူနဲ့ လုပ်ဆောင်ပုံတွေကို ပိုမိုကောင်းမွန်အောင် ပြုပြင်ကြပါတယ်။
ဝေဖန်ချက်တိုင်းကို မှန်ကန်တယ်လို့ လက်ခံဖို့တော့ မလိုပါဘူး။ ဒါပေမဲ့ ချက်ချင်းငြင်းပယ်မယ့်အစား -
“ဒီအကြံပြုချက် ဝေဖန်ချက်ထဲမှာ ငါသင်ယူနိုင်တာ ဘာရှိသလဲ”
လို့ မိမိကိုယ်ကို မေးကြည့်သင့်ပါတယ်။
မိမိရဲ့အားနည်းချက်ကို လက်ခံခြင်းဆိုတာ
“ငါက ဒီလိုပဲ၊ ဘာမှပြောင်းလဲလို့ မရဘူး”
လို့ လက်လျှော့လိုက်ခြင်း မဟုတ်ပါဘူး။
မိမိရဲ့အခြေအနေကို အရှိအတိုင်းသိမြင်ပြီး
Þ ဘယ်အရာကို ပြုပြင်သင့်သလဲ၊
Þ ဘယ်အရာကို လေ့လာလေ့ကျင့်သင့်သလဲ၊
Þ ဘယ်အရာအတွက် အကူအညီတောင်းသင့်သလဲ၊
Þ ဘယ်အရာကို မိမိရဲ့အကန့်အသတ်အဖြစ် လက်ခံသင့်သလဲ
ဆိုတာ ခွဲခြားသိရှိခြင်း ဖြစ်ပါတယ်။
အားနည်းချက်အားလုံးကို အားသာချက်အဖြစ် ပြောင်းလဲပစ်ဖို့လည်း မလိုပါဘူး။ တချို့အားနည်းချက်တွေကို လေ့လာလေ့ကျင့်ခြင်းအားဖြင့် တိုးတက်အောင်လုပ်နိုင်ပါတယ်။ တချို့ကို အခြားသူတွေရဲ့အကူအညီနဲ့ စီမံနိုင်ပါတယ်။ တချို့အရာတွေကိုတော့ မိမိရဲ့အကန့်အသတ်အဖြစ် လက်ခံပြီး ကိုယ့်အားသာချက်ရှိတဲ့နေရာမှာ ပိုမိုတည်ဆောက်သင့်ပါတယ်။
ဥပမာအားဖြင့် အချိန်စီမံခန့်ခွဲရာမှာ အားနည်းတယ်ဆိုရင် အချိန်ဇယားရေးဆွဲခြင်းနဲ့ အရေးကြီးတဲ့အလုပ်တွေကို ဦးစားပေးခြင်းတို့ လေ့ကျင့်နိုင်ပါတယ်။ ငွေကြေးစီမံရာမှာ မကျွမ်းကျင်ဘူးဆိုရင် ကျွမ်းကျင်သူထံမှ သင်ယူနိုင်ပါတယ်။ ကိုယ်မကျွမ်းကျင်တဲ့အလုပ်တစ်ခုကိုတော့ အဲဒီအရာမှာ အားသာတဲ့သူနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ပါတယ်။
အကူအညီတောင်းခြင်းဟာ အားနည်းခြင်းမဟုတ်ပါဘူး။ မိမိရဲ့အကန့်အသတ်ကို သိမြင်ပြီး ပိုမိုကောင်းမွန်တဲ့ရလဒ်ရရှိအောင် ဉာဏ်ပညာရှိစွာ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။
မိမိရဲ့အားနည်းချက်ကို သိမြင်လာတဲ့အခါ အခြားသူတွေရဲ့အားနည်းချက်ကိုလည်း ပိုမိုနားလည်လာနိုင်ပါတယ်။ မိမိလည်း အမှားလုပ်တတ်သူဖြစ်ကြောင်း သိထားသူက အခြားသူမှားယွင်းတဲ့အခါ အလျင်စလိုအပြစ်မတင်တော့ဘဲ စိတ်ရှည်ခြင်း၊ စာနာခြင်းနဲ့ ပြုပြင်တိုးတက်နိုင်ဖို့ အခွင့်အရေးပေးတတ်လာပါတယ်။
မိမိရဲ့အားနည်းချက်ကို သိမြင်လက်ခံခြင်းဟာ အရှုံးပေးခြင်းမဟုတ်ပါဘူး။ မိမိမပြည့်စုံကြောင်း နားလည်ခြင်း၊ ပြုပြင်သင့်တာကို ပြုပြင်ခြင်း၊ အကူအညီလိုတဲ့အခါ အကူအညီတောင်းခြင်းနဲ့ အခြားသူတွေရဲ့အားနည်းချက်ကို စာနာနားလည်တတ်ခြင်း ဖြစ်ပါတယ်။
ဒါကြောင့် မိမိကိုယ်ကို မေးကြည့်ရအောင်
“ငါ့ရဲ့အားနည်းချက်တွေက ဘာတွေလဲ။ အဲဒီအားနည်းချက်တွေကနေ ဘာသင်ယူနိုင်သလဲ။ ဒီနေ့ ဘာတစ်ခုကို စတင်ပြုပြင်နိုင်သလဲ။”
မိမိရဲ့အားနည်းချက်တွေကို ရှာဖွေတွေ့ရှိခြင်းဟာ မိမိကို ရင့်ကျက်တဲ့သူ တဦးဖြစ်စေတာသာမက ၄င်းအားနည်းချက်တွေကို ရိုးသားစွာရင်ဆိုင်ပြီး သင်ယူတတ်မယ်ဆိုရင် အဲဒီအားနည်းချက်တွေက မိမိကို ပိုမိုနှိမ့်ချတတ်သူ၊ စာနာတတ်သူနဲ့ ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာအောင် သင်ကြားပေးနိုင်ပါတယ်။
အားနည်းချက်ကို ဖုံးကွယ်ခြင်းက မိမိကို ချည်နှောင်ထားပေမဲ့ အားနည်းချက်ကို သိမြင်လက်ခံပြီး သင်ယူခြင်းက မိမိကို ဉာဏ်ပညာဆီသို့ ပို့ဆောင်ပေးပါတယ်။
