Self-Discovery Part Three

မိမိကိုယ်ကို ရှာဖွေခြင်း - အပိုင်း (၃)

Discovering and Developing Your Strengths

“ မိမိ၏အားသာချက်ကို ရှာဖွေပြီး ပြုစုပျိုးထောင်ခြင်း”

ကျွန်မ လူငယ်အရွယ်တုန်းက ဒေါက်တာမတင်ဝင်းရဲ့ စာအုပ်တစ်အုပ်ကို ဖတ်ရင်း စိတ်ထဲမှာ စွဲကျန်ခဲ့တဲ့အကြောင်းအရာတစ်ခု ရှိခဲ့ပါတယ်။

ကျွန်မနားလည်မှတ်သားမိသလို ပြန်လည်ဖော်ပြရမယ်ဆိုရင် စာရေးသူ ဒေါက်တာမတင်ဝင်းဆီမှာ ကျောင်းတက်စဉ်က အရာရာထူးချွန်တဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်ကြရင်း နှစ်ပေါင်းများစွာ မတွေ့ဖြစ်ကြတော့ပါဘူး။

တစ်နေ့ မထင်မှတ်ဘဲ ပြန်တွေ့ကြပြီး တစ်ယောက်အကြောင်းတစ်ယောက် မေးမြန်းကြတဲ့အခါ အဲဒီသူငယ်ချင်းဟာ အလုပ်အကိုင်နဲ့ ဘဝလမ်းကြောင်းအမျိုးမျိုးကို စမ်းသပ်ခဲ့ပေမဲ့ ဘယ်အရာကိုမှ အချိန်ကြာကြာ စွဲစွဲမြဲမြဲ မလုပ်ဖြစ်ခဲ့ကြောင်း သိလိုက်ရပါတယ်။ အရည်အချင်းရှိတဲ့သူတစ်ယောက်ဟာ ဘာကြောင့် အောင်မြင်မှုတစ်ခုကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်ခဲ့တာလဲဆိုတဲ့ မေးခွန်းလည်း ပေါ်ပေါက်လာခဲ့တာ အခုထိမမေ့နိုင်ပါ။

ဒီအကြောင်းအရာက ကျွန်မကို အရေးကြီးတဲ့အချက်တစ်ခု သတိပြုမိစေခဲ့ပါတယ်။

အရည်အချင်းရှိရုံနဲ့ မလုံလောက်ပါဘူး။

မိမိရဲ့အရည်အချင်းနဲ့ အားသာချက်ကို သိရှိဖို့၊ အဲဒီအားသာချက်ကို ဘယ်နေရာမှာ အသုံးချမလဲဆိုတာ ရွေးချယ်ဖို့နဲ့ စိတ်ရှည်စွာ ပြုစုပျိုးထောင်ဖို့ လိုပါတယ်။

မိမိကိုယ်ကို ရှာဖွေတဲ့ခရီးမှာ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေကို သိရှိလာပြီးနောက် ကိုယ့်အားသာချက်တွေကိုလည်း သတိထားရှာဖွေသင့်ပါတယ်။

ဘယ်အရာကို လုပ်တဲ့အခါ ကိုယ်က သဘာဝကျကျ ကောင်းစွာလုပ်ဆောင်နိုင်သလဲ။

ဘယ်အလုပ်ကို လုပ်တဲ့အခါ စိတ်ပါဝင်စားပြီး ပိုမိုသင်ယူလိုစိတ် ဖြစ်ပေါ်သလဲ။

ကိုယ့်ပတ်ဝန်းကျင်ကလူတွေက ဘယ်လိုအရည်အချင်းအတွက် ကိုယ့်ကို ချီးကျူးတတ်ကြသလဲ။

ဒီမေးခွန်းတွေရဲ့အဖြေတွေက မိမိရဲ့အားသာချက်ကို ပိုမိုရှင်းလင်းစွာ သိရှိလာနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

လူကြိုက်များနေတဲ့အရာနောက်ကို အမြဲလိုက်ခြင်း၊ တခြားသူလုပ်တာကိုမြင်ပြီး ကိုယ်လည်း လိုက်လုပ်ခြင်းနဲ့ စိတ်အားတက်ကြွတဲ့အချိန်မှာသာ လုပ်ပြီး အခက်အခဲကြုံတဲ့အခါ ရပ်လိုက်ခြင်းတို့က မိမိရဲ့အရည်အချင်းကို အပြည့်အဝဖွံ့ဖြိုးလာစေဖို့ အတားအဆီးဖြစ်စေနိုင်ပါတယ်။

လမ်းသစ်တွေကို စမ်းသပ်ကြည့်တာ မမှားပါဘူး။ စမ်းသပ်မှုတွေကနေ ကိုယ်နဲ့ကိုက်ညီတဲ့အရာကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့စိတ်ဝင်စားမှု၊ အရည်အချင်းနဲ့ တန်ဖိုးထားမှုတို့ကို စဉ်းစားပြီး လမ်းတစ်ခုကို ရွေးချယ်ပြီးတဲ့အခါ အချိန်ပေးပြီး စွဲစွဲမြဲမြဲ လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။

ကိုယ်ဖြစ်ချင်တဲ့အရာဆီ ရောက်ဖို့ စိတ်အားထက်သန်မှုတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အာရုံစိုက်ပြီး ဆက်တိုက်ကြိုးစားဖို့၊ မသိသေးတာတွေကို လေ့လာဖြည့်ဆည်းဖို့၊ အမှားတွေကနေ သင်ခန်းစာယူဖို့နဲ့ အခက်အခဲတွေကြားမှာလည်း ဆက်လက်လျှောက်လှမ်းဖို့ လိုပါတယ်။

တိုးတက်မှုဆိုတာ တစ်ရက်တည်းနဲ့ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ နေ့စဉ်ပြုလုပ်တဲ့ အားထုတ်မှုအသေးလေးတွေ စုပေါင်းလာတဲ့အခါမှသာ ရလဒ်ကောင်းတွေ တဖြည်းဖြည်း ပေါ်ထွက်လာတတ်ပါတယ်။

ကျွန်မကိုယ်တိုင်လည်း ကိုယ့်ရဲ့အားသာချက်တွေထဲမှာ ကြံ့ကြံ့ခံနိုင်ခြင်း ကို တန်ဖိုးထားမိပါတယ်။

အခက်အခဲတွေနဲ့ စိတ်ပျက်စရာတွေ ကြုံတွေ့ရတဲ့အခါ အရာအားလုံး ချက်ချင်းအဆင်ပြေသွားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခက်အခဲကြောင့် လုံးဝလက်မလျှော့ဘဲ ပြန်လည်အားယူပြီး ကိုယ်လိုချင်တဲ့အရာဆီ ဆက်လက်လျှောက်လှမ်းဖို့ ကြိုးစားတတ်ပါတယ်။

အဲဒီကြံ့ကြံ့ခံနိုင်စွမ်းက ကျွန်မရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ များစွာအထောက်အကူပြုခဲ့ပါတယ်။

ဂေါက်သီးရိုက်တဲ့အခါ ကိုယ့်ရဲ့ရိုက်ချက်တွေကို တခြားသူတွေနဲ့ အမြဲနှိုင်းယှဉ်နေမယ့်အစား မနေ့ကထက် ဒီနေ့ ပိုကောင်းလာအောင် ကြိုးစားတာက ပိုအကျိုးရှိပါတယ်။

ဘဝမှာလည်း ကိုယ့်အားသာချက်ကို ပြုစုပျိုးထောင်ခြင်းဟာ သူများကို အနိုင်ယူဖို့ မဟုတ်ပါဘူး။ မနေ့ကထက် ဒီနေ့ ပိုမိုတိုးတက်လာအောင် မိမိကိုယ်ကို လေ့ကျင့်တည်ဆောက်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် မိမိကိုယ်ကို အခုလိုမေးကြည့်ရအောင်။

“ငါ့ရဲ့အားသာချက်က ဘာလဲ။ အဲဒီအားသာချက်ကို ပိုမိုတိုးတက်အောင် ဒီနေ့ ဘာလုပ်နိုင်သလဲ။”

ခိုင်မာတဲ့ဘဝတစ်ခုကို တည်ဆောက်ဖို့ ငွေကြေးအရင်းအနှီးရှိမှ၊ နောက်ခံအင်အားတောင့်တင်းမှ သို့မဟုတ် ပတ်ဝန်းကျင်အခြေအနေကောင်းမှသာ ဖြစ်နိုင်တာ မဟုတ်ပါဘူး။

အဲဒီအရာတွေက အထောက်အကူပြုနိုင်ပေမဲ့ မိမိမှာရှိတဲ့ အားသာချက်ကလည်း တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီးတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် မိမိမှာမရှိတဲ့အရာတွေကိုသာ ကြည့်ပြီး အားငယ်မနေပါနဲ့။ မိမိမှာရှိပြီးသား အားသာချက်ကို ရှာဖွေပါ။ အဲဒီအားသာချက်ကို စိတ်ရှည်စွာ ပြုစုပျိုးထောင်ပါ။ အုတ်တစ်လုံးချင်းစီနဲ့ အိမ်တစ်လုံးတည်ဆောက်သလို နေ့စဉ်ကြိုးစားမှုတွေနဲ့ မိမိလိုချင်တဲ့ဘဝကို တစ်လှမ်းချင်း တည်ဆောက်ပါ။

အရည်အချင်းက အစပြုရာဖြစ်ပေမဲ့ စွဲစွဲမြဲမြဲ လေ့ကျင့်အားထုတ်ခြင်းကသာ အဲဒီအရည်အချင်းကို အောင်မြင်မှုအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။