Self-Discovery Part Two

“ မိမိကိုယ်ကို ရှာဖွေခြင်း” အပိုင်း (၂)

မိမိ၏အဓိကတန်ဖိုးများကို သိရှိခြင်း

အပိုင်း (၁) မှာ မိမိကိုယ်ကို ရှာဖွေသိရှိခြင်းခရီးကို စတင်ခဲ့ပါတယ်။ မိမိဟာ သူများနဲ့မတူဘဲ ကိုယ်ပိုင်အရည်အချင်း၊ စိတ်ဝင်စားမှု၊ အိပ်မက်နဲ့ ဘဝအတွေ့အကြုံတွေရှိတဲ့ ထူးခြားသူတစ်ယောက်ဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။

မိမိမှာ ကိုယ်ပိုင်ထူးခြားမှုနဲ့ တန်ဖိုးရှိတယ်ဆိုတာ နားလည်ပြီးနောက်၊ ကိုယ့်ကိုယ်ကို ပိုမိုသိရှိဖို့ နောက်ထပ်မေးခွန်းတစ်ခုကို မေးရပါတယ်။

“ကိုယ်က ဘာတွေကို အရေးကြီးဆုံးလို့ သတ်မှတ်ပြီးတန်ဖိုးထားသလဲ”

ပြင်ပအသွင်အပြင်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်နဲ့ လူမှုအဆင့်အတန်းတွေက ကိုယ့်ရဲ့ အတွင်းစိတ်ကို အပြည့်အဝဖော်ပြပေးနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ဘဝမှာ ဘာကို အရေးအကြီးဆုံးလို့ သတ်မှတ်သလဲ၊ ဘယ်အရာကို ကာကွယ်ဖို့ ရပ်တည်သလဲ၊ ဘယ်အရာအတွက် အချိန်နဲ့အားစိုက်ထုတ်မှုကို ပေးဆပ်သလဲဆိုတာတွေကသာ မိမိရဲ့အတွင်းစိတ်နဲ့ တကယ့်ဖြစ်တည်မှုကို ပိုမိုဖော်ပြပေးပါတယ်။

ဒီလို မိမိဘဝကို လမ်းညွှန်ပေးတဲ့ အခြေခံတန်ဖိုးတွေကို “အဓိကတန်ဖိုးများ” (Core Values) လို့ ခေါ်ပါတယ်။ အခုခေတ် Social Media ခေတ်မှာ လူတော်တော်များများက မိမိရဲ့ Core Values တွေကိုပျောက်ဆုံးသွားကြလို့ လတွေ၊ နှစ်တွေ ကုန်သွားပေမဲ့ ဘာမှမယ်မယ်ရရ တိုးတက်ပြောင်းလဲခြင်းမရှိလို့ စိတ်ဓါတ်ကျရောဂါနဲ့ရင်ဆိုင်ကြရပါတယ်။ ဒီလိုမဖြစ်အောင် မိမိရဲ့ core values တွေကို ဖော်ထုတ်ပြီး လက်တွေ့လုပ်ဆောင်ဘို့ လိုအပ်ပါတယ်။

Core Values ဆိုတာ ဘာလဲ

Core Values ဆိုတာ မိမိရဲ့ဆုံးဖြတ်ချက်တွေ၊ အပြုအမူတွေနဲ့ ဘဝဦးတည်ချက်ကို လမ်းညွှန်ပေးတဲ့ အခြေခံယုံကြည်ချက်နဲ့ တန်ဖိုးထားမှုတွေ ဖြစ်ပါတယ်။

သံလိုက်အိမ်မြှောင်တစ်ခုက ပင်လယ်ခရီးသွားတစ်ယောက်ကို ဦးတည်ရာလမ်းပြပေးသလို၊ မိမိရဲ့အဓိကတန်ဖိုးတွေကလည်း ဘဝမှာ ဘယ်လမ်းကို ရွေးချယ်မလဲဆိုတာ ဆုံးဖြတ်ရာမှာ လမ်းညွှန်ပေးပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတဲ့အရာတွေ မတူနိုင်ပါဘူး။ မိမိတစ်ယောက်တည်းမှာလည်း အရေးကြီးတဲ့ တန်ဖိုးတွေ အများအပြား ရှိနိုင်ပါတယ်။ အဓိကကတော့ ကိုယ်တန်ဖိုးထားတယ်လို့ ပြောရုံနဲ့ မလုံလောက်ဘဲ နေ့စဉ်ဘဝမှာ လက်တွေ့ကျင့်သုံးဖို့ပါပဲ။ မိမိရဲ့အချိန်၊ ငွေကြေး၊ အာရုံစိုက်မှုနဲ့ နေ့စဉ်ရွေးချယ်မှုတွေကို ကိုယ်တန်ဖိုးထားတဲ့အရာတွေနဲ့ ကိုက်ညီအောင် သတိရှိရှိ ရွေးချယ်ဖို့ လိုပါတယ်။

ဥပမာ။ ။ မိသားစုနဲ့ ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေးကို အရေးကြီးတယ်လို့ ယူဆတယ်ဆိုပါစို့။ အဲဒီတန်ဖိုးကို လက်တွေ့ဖော်ပြဖို့ မိသားစုအတွက် အချိန်ပေးတာ၊ တစ်ယောက်နဲ့တစ်ယောက် လေးစားစွာဆက်ဆံတာ၊ အခက်အခဲတွေကို အတူတကွ ဆွေးနွေးဖြေရှင်းတာတွေ လိုအပ်ပါတယ်။ ဒီလိုအပြုအမူတွေက မိသားစုအတွင်း ပိုမိုနွေးထွေးပြီး ကျန်းမာတဲ့ဆက်ဆံရေး တည်ဆောက်ဖို့ အထောက်အကူဖြစ်စေပါတယ်။

Core Values တွေ ဘယ်လိုပေါ်ပေါက်လာသလဲ

မိမိရဲ့အဓိကတန်ဖိုးတွေဟာ မိသားစုနောက်ခံ၊ ဘာသာရေးယုံကြည်မှု၊ ယဉ်ကျေးမှု၊ ပညာရေး၊ ဘဝအခက်အခဲတွေနဲ့ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာတွေကနေ တဖြည်းဖြည်း ဖြစ်ပေါ်လာတတ်ပါတယ်။

မမျှတတဲ့ဆက်ဆံမှုကို ကြုံခဲ့ရသူတစ်ယောက်ဟာ တရားမျှတမှုကို ပိုမိုတန်ဖိုးထားလာနိုင်ပါတယ်။ အခက်အခဲကြုံချိန်မှာ မိသားစုရဲ့အကူအညီကို ရရှိခဲ့သူတစ်ယောက်က မိသားစုစည်းလုံးမှုကို အရေးကြီးတယ်လို့ ခံယူလာနိုင်ပါတယ်။ ကိုယ့်အသံကို ဖိနှိပ်ခံခဲ့ရသူတစ်ယောက်က လွတ်လပ်စွာပြောဆိုခွင့်နဲ့ မိမိယုံကြည်ရာကို ဖော်ပြခွင့်ကို ခိုင်မာစွာ တန်ဖိုးထားလာနိုင်ပါတယ်။

တစ်ခါတစ်ရံ နာကျင်ခဲ့ရတဲ့အတွေ့အကြုံတွေကလည်း မိမိအတွက် ဘာတွေက အရေးကြီးတယ်ဆိုတာ ဖော်ပြပေးတတ်ပါတယ်။ လိမ်ညာခံခဲ့ရသူက ရိုးသားမှုကို ပိုမိုတန်ဖိုးထားလာနိုင်သလို၊ စွန့်ပစ်ခံခဲ့ရသူက သစ္စာရှိမှုနဲ့ ယုံကြည်စိတ်ချရမှုကို အရေးကြီးတယ်လို့ ခံယူလာနိုင်ပါတယ်။ ကိုယ့်အသံကို ပိတ်ပင်ခံခဲ့ရသူကလည်း အမှန်တရားကို ပြောရဲခြင်းကို ဘဝရဲ့အဓိကတန်ဖိုးတစ်ခုအဖြစ် သတ်မှတ်လာနိုင်ပါတယ်။

မိမိရဲ့ Core Values တွေကို ဘယ်လိုရှာဖွေမလဲ

လူမှုဗေဒပညာရှင်တွေ လမ်းညွှန်တာကတော့ ပထမဦးဆုံး မိမိအတွက် အရေးကြီးတယ်လို့ ထင်တဲ့ တန်ဖိုးတွေကို စာရင်းပြုစုချရေးကြည့်ပါလို့ပြောပါတယ်။

ဥပမာ။ ။

ယုံကြည်ခြင်း၊ မိသားစု၊ ရိုးသားခြင်း၊ မေတ္တာ၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တာဝန်ယူခြင်း၊ သစ္စာရှိခြင်း၊ ဖန်တီးနိုင်ခြင်း၊ ဇွဲလုံ့လရှိခြင်းနဲ့ တိုးတက်လိုစိတ်စသဖြင့် ဖြစ်ပါတယ်။

ပြီးရင် ဒီမေးခွန်းတွေကို မိမိကိုယ်ကို ရိုးသားစွာ မေးကြည့်ပါ။

  • ဘယ်အရာကို ဆုံးရှုံးရရင် ကိုယ့်အတွက် အနာကျင်ဆုံးဖြစ်မလဲ။

  • ဘယ်အရာကို ဘယ်လိုအခြေအနေမျိုးမှာမဆို အလျှော့မပေးချင်ဘူးလဲ။

  • ဘယ်အရာကို လုပ်ဆောင်နေချိန်မှာ ကိုယ့်ဘဝဟာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရသလဲ။

  • ဘယ်လိုလူမျိုးကို ကိုယ်ကလေးစားမြတ်နိုးသလဲ။ သူတို့မှာ ဘယ်လိုတန်ဖိုးတွေ ရှိသလဲ။

  • အတိတ်မှာ ကိုယ့်အတွက်အနာကျင်ဆုံးဖြစ်ခဲ့တဲ့အချိန်က ဘာကြောင့်လဲ။ ကိုယ်တန်ဖိုးထားတဲ့ ဘယ်အရာကို ထိခိုက်ခဲ့လို့လဲ။

  • ကိုယ့်ရဲ့သားသမီးတွေနဲ့ နောက်မျိုးဆက်ကို ဘယ်လိုတန်ဖိုးတွေ လက်ဆင့်ကမ်းပေးချင်သလဲ။

    ဒီမေးခွန်းတွေကို စဉ်းစားပြီး ဖြေဆိုတဲ့အခါ မိမိအတွက် အရေးကြီးဆုံးတန်ဖိုးတွေဟာ တဖြည်းဖြည်း ပိုမိုရှင်းလင်းလာပါလိမ့်မယ်။

တန်ဖိုးထားမှုနဲ့ နယ်နိမိတ်သတ်မှတ်ခြင်း

တန်ဖိုးထားတဲ့အရာအတိုင်း ရပ်တည်ဖို့ဆိုတာ တစ်ခါတစ်ရံ လွယ်ကူမှာ မဟုတ်ပါဘူး။ လူတချို့က နားလည်ပေးနိုင်သလို၊ တချို့က ဝေဖန်နိုင်ပါတယ်။ တခါတလေလဲ မိမိတန်ဘိုးထားမှုတွေကိုလဲ လက်လွှတ်ရနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့တန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ နယ်နိမိတ်တွေ သတ်မှတ်ဖို့လဲ လိုအပ်လာပါတယ်။ ဘယ်အရာကို လက်ခံနိုင်သလဲ၊ ဘယ်အရာကို လက်မခံနိုင်ဘူးလဲဆိုတာ သိလာတဲ့အခါ “ဒီတစ်ခုကိုတော့ မလုပ်နိုင်ပါဘူး”၊ “ဒီအမြင်ကိုတော့ သဘောမတူပါဘူး”၊ “ဒီလိုဆက်ဆံမှုကို လက်မခံနိုင်ပါဘူး” လို့ လေးစားစွာ ပြောဆိုနိုင်လာပါတယ်။

မိမိရဲ့အချိန်၊ စိတ်ခံစားမှုနဲ့ ယုံကြည်ချက်တွေကို ကာကွယ်ဖို့ နယ်နိမိတ်ထားခြင်းဟာ သူတစ်ပါးကို မလေးစားခြင်း မဟုတ်ပါဘူး။ မိမိကိုယ်ကို လေးစားပြီး ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။

လူတိုင်းရဲ့မျှော်လင့်ချက်အတိုင်း လိုက်လျောနေမယ်ဆိုရင် ကိုယ့်ရဲ့အသံနဲ့ ကိုယ့်လိုအပ်ချက်တွေကို တဖြည်းဖြည်း မေ့လျော့သွားနိုင်ပါတယ်။ ကိုယ့်ရဲ့အဓိကတန်ဖိုးတွေကို သိထားသူတွေကတော့ လူတိုင်းနှစ်သက်အောင် နေထိုင်ဖို့ထက် ကိုယ်ယုံကြည်တဲ့အရာတွေနဲ့ ကိုက်ညီအောင် အသက်ရှင်ဖို့ ကြိုးစားကြပါတယ်။

တန်ဖိုးထားတဲ့အရာတွေနဲ့ ကိုက်ညီစွာ နေထိုင်ခြင်း

မိမိရဲ့အဓိကတန်ဖိုးတွေကို စာရင်းရေးထားရုံနဲ့ မလုံလောက်ပါဘူး။ နေ့စဉ်ဘဝမှာ လက်တွေ့ကျင့်သုံးဖို့ လိုပါတယ်။

  • မေတ္တာကို တန်ဖိုးထားရင် လူတွေကို မေတ္တာနဲ့ ဆက်ဆံပါ။

  • ရိုးသားမှုကို တန်ဖိုးထားရင် အဆင်မပြေတဲ့အခါမှာတောင် အမှန်တရားဘက်က ရပ်တည်ပါ။

  • မိသားစုကို တန်ဖိုးထားရင် သူတို့အတွက် အချိန်ပေးပါ။

  • တရားမျှတမှုကို တန်ဖိုးထားရင် မတရားမှုကြုံနေရသူတွေဘက်က ရပ်တည်ပေးပါ။

  • ယုံကြည်ခြင်းကို တန်ဖိုးထားရင် ယုံကြည်ချက်ကို စကားနဲ့သာမက လုပ်ရပ်နဲ့ပါ ဖော်ပြပါ။

  • တိုးတက်ခြင်းကို တန်ဖိုးထားရင် အမှားတွေကနေ သင်ယူပြီး မိမိကိုယ်ကို ပြုပြင်တိုးတက်အောင် ကြိုးစားပါ။

    မိမိတန်ဖိုးထားတဲ့အရာတွေနဲ့ လက်တွေ့ အသက်ရှင်မှု ကိုက်ညီလာတဲ့အခါ အတွင်းစိတ်မှာ ပိုမိုငြိမ်းချမ်းလာနိုင်ပါတယ်။ ဆုံးဖြတ်ချက်ချရာမှာလဲ မသေချာမှုတွေ လျော့နည်းလာပြီး ဘာကြောင့် ဒီလမ်းကို ရွေးချယ်တယ်ဆိုတာကိုလဲ ကိုယ်တိုင် ပိုမိုနားလည်လာပါလိမ့်မယ်။

တစ်ဖက်မှာ မိမိတန်ဖိုးထားတဲ့အရာတွေနဲ့ ဆန့်ကျင်ပြီး နေထိုင်နေရတဲ့အခါ စိတ်မကျေနပ်မှု၊ ပင်ပန်းမှုနဲ့ မိမိကိုယ်ကို ပျောက်ဆုံးနေသလို ခံစားရနိုင်ပါတယ်။ ဒီခံစားချက်တွေက ဘဝမှာ တစ်စုံတစ်ရာကို ပြန်လည်စဉ်းစားပြီး ညှိယူဖို့ လိုအပ်နေကြောင်း သတိပေးတဲ့အချက် ဖြစ်နိုင်ပါတယ်။

နိဂုံး

မိမိကိုယ်ကို ရှာဖွေခြင်းဆိုတာ မိမိဘာလုပ်ချင်သလဲ၊ ဘာကိုကျွမ်းကျင်သလဲဆိုတာ သိရုံသာ မဟုတ်ပါဘူး။ မိမိဘာကို ယုံကြည်သလဲ၊ ဘာကို တန်ဖိုးထားသလဲ၊ ဘယ်အရာတွေကို မိမိအတွက် အရေးကြီးတယ်လို့ သတ်မှတ်သလဲဆိုတာ သိရှိခြင်းလည်း ဖြစ်ပါတယ်။

မိမိရဲ့အဓိကတန်ဖိုးတွေဟာ ဘဝပင်လယ် လမ်းခရီးမှာ ဦးတည်ရာပြပေးတဲ့ သံလိုက်အိမ်မြှောင်ဖြစ်ပါတယ်။ လမ်းပျောက်သလို ခံစားရတဲ့အခါ၊ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲတဲ့အခါ၊ သူများရဲ့မျှော်လင့်ချက်တွေကြားမှာ မိမိကိုယ်ကို ပျောက်ဆုံးနေသလို ခံစားရတဲ့အခါ ကိုယ်တန်ဖိုးထားတဲ့အရာတွေဆီ ပြန်လည်လှည့်ကြည့်ပါ။

အဲဒီတန်ဖိုးတွေက မိမိဘဝလမ်းခရီးကိုလမ်းမှန်ရောက်အောင် ပြန်လည်ပို့ပေးပါလိမ့်မယ်။