The Choice : Embrace the Possible

Dr. Edith Eva Eger

စာအုပ်အကြောင်း

The Choice: Embrace the Possible ဟာ Holocaust အသက်ရှင်ကျန်ရစ်သူနဲ့ စိတ်ပညာရှင် Dr. Edith Eva Eger ရေးသားခဲ့တဲ့ memoir နဲ့ psychology ပေါင်းစပ်ထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ စာရေးသူရဲ့ Auschwitz concentration camp အတွင်း ကြုံတွေ့ခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့အတွေ့အကြုံတွေ၊ စစ်ပွဲပြီးနောက် ဘဝကို ပြန်လည်တည်ဆောက်ခဲ့ပုံ၊ စိတ်ဒဏ်ရာတွေကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပုံနဲ့ နောက်ဆုံးမှာ ကိုယ်တိုင် စိတ်ပညာရှင်တစ်ယောက်ဖြစ်လာပြီး တခြားသူတွေရဲ့ စိတ်ဒဏ်ရာတွေကို ကူညီကုသပေးခဲ့ပုံတွေကို ရေးသားထားပါတယ်။

ဒီစာအုပ်ဟာ Holocaust အကြောင်းသမိုင်းစာအုပ်တစ်အုပ်သာမဟုတ်ဘဲ နာကျင်မှုကနေ ဘယ်လိုပြန်လည်ရှင်သန်နိုင်မလဲဆိုတဲ့ စာအုပ်တစ်အုပ် လည်း ဖြစ်ပါတယ်။

စာရေးသူအကြောင်း

Dr. Edith Eva Eger ကို ၁၉၂၇ ခုနှစ်မှာ ဟန်ဂေရီနိုင်ငံ၊ Kassa မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူမဟာ ဂျူးလူမျိုးမိသားစုကဖြစ်ပြီး ငယ်စဉ်က gymnast နဲ့ dancer တစ်ယောက် ဖြစ်ချင်ခဲ့သူပါ။

၁၉၄၄ ခုနှစ်၊ သူမအသက် ၁၆ နှစ်အရွယ်မှာ နာဇီတွေက သူမရဲ့မိသားစုကို ဖမ်းဆီးပြီး Auschwitz concentration camp ကို ပို့ဆောင်ခဲ့ပါတယ်။

အဲဒီနေရာမှာ သူမရဲ့မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရပါတယ်။

Edith နဲ့ သူမရဲ့အစ်မ Magda တို့ကတော့ အသက်ရှင်ကျန်ရစ်ခဲ့ကြပါတယ်။

စစ်ပွဲပြီးတဲ့နောက် Edith ဟာ နောက်ဆုံးမှာ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ခဲ့ပြီး ပညာဆက်လက်သင်ယူကာ clinical psychologist တစ်ဦး ဖြစ်လာခဲ့ပါတယ်။

သူမကိုယ်တိုင် စိတ်ဒဏ်ရာများစွာနဲ့ ရှင်သန်ခဲ့ရသူဖြစ်တဲ့အတွက် နောက်ပိုင်းမှာ trauma ခံစားနေရသူတွေကို ကူညီကုသပေးနိုင်တဲ့ စိတ်ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

စာအုပ်ဇာတ်လမ်းအကျဉ်း

၁။ အေးချမ်းတဲ့မိသားစုဘဝကနေ Auschwitz သို့

Edith ရဲ့ဘဝဟာ အစပိုင်းမှာ သာမန်မိန်းကလေးတစ်ယောက်ရဲ့ဘဝပါပဲ။

မိသားစုရှိတယ်၊ အိပ်မက်တွေရှိတယ်၊ ချစ်သူရှိတယ်၊ အနာဂတ်အတွက် မျှော်လင့်ချက်တွေရှိတယ်။

ဒါပေမယ့် ဒုတိယကမ္ဘာစစ်နဲ့ နာဇီတွေရဲ့ ဂျူးလူမျိုးတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် သူမရဲ့ဘဝဟာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပါတယ်။

၁၉၄၄ ခုနှစ်မှာ Edith နဲ့ သူမရဲ့မိသားစုကို Auschwitz ကို ပို့ဆောင်ခဲ့ပါတယ်။

အဲဒီကိုရောက်တဲ့အခါ သူမရဲ့မိဘတွေကို သူမတို့နဲ့ ခွဲထုတ်လိုက်ပါတယ်။

အဲဒီခွဲခွာခြင်းဟာ သူမရဲ့ဘဝမှာ အကြီးမားဆုံးနာကျင်မှုတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်းမှာ မိဘနှစ်ပါးလုံး သေဆုံးသွားခဲ့ကြောင်း သိခဲ့ရပါတယ်။

၂။ Auschwitz ထဲက အသက်ရှင်ဖို့ တိုက်ပွဲ

Auschwitz မှာ Edith ဟာ လူသားတစ်ယောက်အနေနဲ့ မခံစားသင့်တဲ့ အခြေအနေတွေကို ကြုံတွေ့ခဲ့ရပါတယ်။

အစာငတ်ခြင်း၊ အအေးဒဏ်၊ ကြောက်ရွံ့ခြင်း၊ သေခြင်းတရားကို နေ့စဉ်မြင်တွေ့ရခြင်းနဲ့ လူ့ဂုဏ်သိက္ခာကို ဖျက်ဆီးခံရခြင်းတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

သူမအတွက် နေ့တိုင်းဟာ အသက်ရှင်ဖို့ တိုက်ပွဲဝင်ရတဲ့နေ့ ဖြစ်ပါတယ်။

ဒါပေမယ့် သူမရဲ့စိတ်ထဲမှာ အရေးကြီးတဲ့အရာတစ်ခု ရှိနေခဲ့ပါတယ်။

“မျှော်လင့်ချက်”

အပြင်ကအခြေအနေကို သူမ မထိန်းချုပ်နိုင်ပေမယ့် သူမရဲ့အတွင်းစိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကို အပြည့်အဝလက်လျှော့မပေးဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီအတွေ့အကြုံက နောက်ပိုင်း သူမရဲ့ဘဝအတွေးအခေါ်အတွက် အခြေခံဖြစ်လာခဲ့ပါတယ်။

၃။ လွတ်မြောက်ခြင်း

စစ်ပွဲနောက်ဆုံးပိုင်းမှာ Edith နဲ့ အခြားအကျဉ်းသားတွေဟာ concentration camp တစ်ခုကနေ တစ်ခုကို ရွှေ့ပြောင်းခံခဲ့ရပြီး အလွန်ခက်ခဲတဲ့အခြေအနေတွေကို ဆက်လက်ကြုံတွေ့ခဲ့ရပါတယ်။

နောက်ဆုံးမှာ စစ်ပွဲပြီးဆုံးခါနီး သူမ လွတ်မြောက်လာခဲ့ပါတယ်။

ဒါပေမယ့် ဒီနေရာမှာ The Choice ရဲ့ အရေးကြီးဆုံးအပိုင်း စတင်လာပါတယ်။

အကျဉ်းစခန်းက လွတ်မြောက်လာတာနဲ့ လူတစ်ယောက်ရဲ့စိတ်ဟာ ခန္ဓာကိုယ်နဲ့ တပါတည်း ချက်ချင်းလွတ်မြောက်သွားတာ မဟုတ်ပါဘူး။

Edith ရဲ့ခန္ဓာကိုယ်က လွတ်မြောက်လာပေမယ့် သူမရဲ့စိတ်ထဲမှာတော့ Auschwitz ဆက်ရှိနေခဲ့ပါတယ်။

၄။ စစ်ပြီးပေမယ့် စိတ်ဒဏ်ရာက မပြီးသေးဘူး

Edith ဟာ စစ်ပြီးနောက် ဘဝသစ်တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။

လက်ထပ်တယ်။

မိသားစုတည်ထောင်တယ်။

နောက်ပိုင်း အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းတယ်။

အပြင်ကကြည့်ရင် ဘဝဟာ ပုံမှန်ပြန်ဖြစ်လာသလိုပါပဲ။

ဒါပေမယ့် အတွင်းစိတ်ထဲမှာတော့ ကြောက်ရွံ့မှု၊ ဝမ်းနည်းမှု၊ အပြစ်ရှိသလိုခံစားရမှုနဲ့ အတိတ်ရဲ့အမှတ်တရတွေ ဆက်ရှိနေခဲ့ပါတယ်။

ဒီနေရာမှာ စာအုပ်က အလွန်အရေးကြီးတဲ့အချက်တစ်ခုကို ပြောပြပါတယ်။

အသက်ရှင်ကျန်ရစ်ခြင်းနဲ့ healing ဖြစ်ခြင်းဟာ မတူဘူးဆိုတဲ့အချက်ပါဘဲ။

လူတစ်ယောက်ဟာ အန္တရာယ်ကနေ လွတ်မြောက်လာနိုင်ပေမယ့် စိတ်ထဲမှာတော့ အဲဒီအဖြစ်အပျက်ရဲ့ အကျဉ်းသားအဖြစ် နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်နေနိုင်ပါတယ်။

၅။ စိတ်ပညာရှင်ဖြစ်လာခြင်း

Edith ဟာ အသက်အရွယ်ရလာတဲ့အခါ ပညာပြန်သင်ပြီး psychology ကို လေ့လာခဲ့ပါတယ်။

အထူးသဖြင့် Holocaust survivor ဖြစ်သူ Viktor Frankl ရဲ့ အတွေးအခေါ်တွေကလည်း သူမအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။

နောက်ဆုံးမှာ သူမဟာ clinical psychologist ဖြစ်လာပြီး စစ်မှုထမ်းဟောင်းတွေ၊ abuse ခံစားခဲ့ရသူတွေ၊ PTSD နဲ့ trauma ခံစားနေရသူတွေ၊ မိသားစုပြဿနာနဲ့ ဆုံးရှုံးမှုကြုံတွေ့နေရသူတွေကို ကူညီကုသပေးခဲ့ပါတယ်။

တခြားသူတွေကို ကူညီရင်း Edith ဟာ အရေးကြီးတဲ့အရာတစ်ခုကိုလည်း နားလည်လာပါတယ်။

သူမကိုယ်တိုင်လည်း ကုစားဖို့ လိုနေသေးတယ်။

၆။ Auschwitz ကို ပြန်သွားခြင်း

စာအုပ်ရဲ့ အားကောင်းဆုံးအပိုင်းတွေထဲက တစ်ခုက Edith ဟာ နှစ်ပေါင်းများစွာကြာပြီးနောက် Auschwitz ကို ပြန်သွားခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီနေရာဟာ သူမရဲ့ဘဝကို ဖျက်ဆီးခဲ့တဲ့နေရာပါ။

မိဘတွေကို ဆုံးရှုံးခဲ့တဲ့နေရာ။

ကြောက်ရွံ့မှုတွေ စတင်ခဲ့တဲ့နေရာ။

သူမ ပြန်သွားတာက အတိတ်ကို ပြောင်းလဲဖို့ မဟုတ်ပါဘူး။

အတိတ်ကို ရင်ဆိုင်ဖို့ပါ။

အဲဒီခရီးကနေ သူမ နားလည်လာတာကတော့

လွတ်မြောက်ခြင်းဆိုတာ တံခါးဖွင့်ပေးလိုက်တာတစ်ခုတည်း မဟုတ်ပါဘူး။

တစ်ခါတလေ ကိုယ့်စိတ်ထဲမှာ ကိုယ်တိုင်တည်ဆောက်ထားတဲ့ အကျဉ်းထောင်ထဲကနေ ထွက်လာဖို့လည်း လိုပါတယ်။

ဒီစာအုပ်ကို ဘာကြောင့် The Choice လို့ အမည်ပေးထားတာလဲ?

Edith ရဲ့အဖြေက ရိုးရှင်းပေမယ့် အလွန်လေးနက်ပါတယ်။

ဘဝမှာ ကျွန်ုပ်တို့ မရွေးချယ်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်။

ကိုယ်ဘယ်မှာမွေးမလဲ မရွေးချယ်နိုင်ဘူး။

စစ်ပွဲဖြစ်လာမလား မရွေးချယ်နိုင်ဘူး။

တခြားသူတွေ ကိုယ့်အပေါ် ဘာလုပ်မလဲဆိုတာ အပြည့်အဝ မထိန်းချုပ်နိုင်ဘူး။

ချစ်ရသူတစ်ယောက် ဆုံးရှုံးသွားတာကိုလည်း ပြန်ပြောင်းလို့မရဘူး။

ဒါပေမယ့် ဖြစ်ခဲ့တဲ့အရာတွေနဲ့ ကျန်ရှိတဲ့ဘဝကို ဘယ်လိုဆက်လက်နေထိုင်မလဲဆိုတာတော့ တဖြည်းဖြည်း ရွေးချယ်နိုင်ပါတယ်။

ဒါဟာ The Choice ရဲ့ အဓိကသတင်းစကား message ဖြစ်ပါတယ်။

ဒီစာအုပ်ရဲ့ နောက်ထပ်အရေးကြီးတဲ့သင်ခန်းစာက

Healing ဆိုတာ မေ့ပစ်ခြင်းမဟုတ်ပါဘူး။

ဖြစ်ခဲ့တဲ့မတရားမှုကို မှန်တယ်လို့ ပြောခြင်းလည်း မဟုတ်ပါဘူး။

ကိုယ်နာကျင်ခဲ့တာကို အလေးမထားဘဲ အသေးအဖွဲလုပ်ခြင်းလည်း မဟုတ်ပါဘူး။

Healing ဆိုတာ

အတိတ်က ကိုယ့်ရဲ့ဒီနေ့နဲ့ မနက်ဖြန်ကို ဆက်ပြီးအုပ်ချုပ်ခွင့်မပေးတော့ဖို့ သင်ယူခြင်း ဖြစ်ပါတယ်။

ခွင့်လွှတ်ခြင်းကိုလည်း Edith က ဒီရှုထောင့်ကနေ ကြည့်ပါတယ်။

ခွင့်လွှတ်ခြင်းဟာ ကျူးလွန်သူအတွက်သာ မဟုတ်ဘဲ နာကျင်မှုနဲ့ အမုန်းတရားရဲ့ချုပ်နှောင်မှုကနေ ကိုယ့်ကိုယ်ကို လွတ်မြောက်စေခြင်း လည်း ဖြစ်နိုင်ပါတယ်။

မြန်မာပြည်သူတွေအတွက် ဒီစာအုပ်က ဘာသင်ခန်းစာယူနိုင်သလဲ?

ဒီနေ့ မြန်မာပြည်မှာ လူအများဟာ စစ်ပွဲ၊ နေရပ်စွန့်ခွာမှု၊ မိသားစုခွဲခွာမှု၊ အိုးအိမ်ပျက်စီးမှု၊ ချစ်ရသူဆုံးရှုံးမှုနဲ့ အနာဂတ်မသေချာမှုတွေကို ရင်ဆိုင်နေရပါတယ်။

Edith ရဲ့ Holocaust အတွေ့အကြုံနဲ့ မြန်မာပြည်ရဲ့အခြေအနေကို တိုက်ရိုက်တူညီတယ်လို့ ပြောလို့မရပေမယ့် သူမရဲ့ဘဝက လူသားတွေအတွက် အရေးကြီးတဲ့ သင်ခန်းစာတစ်ခု ပေးနိုင်ပါတယ်။

အာဏာရှင်တွေက

လူတစ်ယောက်ရဲ့အိမ်ကို ဖျက်ဆီးနိုင်တယ်။

ပိုင်ဆိုင်မှုတွေကို ယူသွားနိုင်တယ်။

အိပ်မက်တွေကို နှောင့်ယှက်နိုင်တယ်။

ဒါပေမယ့် ကိုယ့်ရဲ့အနာဂတ်ဘဝစာမျက်နှာတစ်ခုလုံးကို ဒီအဖြစ်ဆိုးတွေကပဲ ပြဌါန်းရမယ်လို့ မဆိုလိုပါဘူး။

မိမိဘဝကိုတဖြည်းဖြည်းချင်းတည်ဆောက်ရမှာပါ။

ပြန်လည်တည်ဆောက်ခြင်းဟာ အချိန်ယူပါတယ်။

ကုစားဘို့လည်း ( Healing) ဟာလည်း တစ်နေ့တည်းနဲ့ ဖြစ်မလာပါဘူး။

ဒါပေမယ့် တစ်နေ့ပြီးတစ်နေ့ အသက်ရှင်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ အချင်းချင်းကူညီခြင်းနဲ့ ဘဝကို ပြန်လည်တည်ဆောက်နိုင်ပါတယ်။

နိဂုံးအနေနဲ့ပြောချင်တာက

The Choice ဟာ Holocaust survivor တစ်ယောက်ရဲ့ အမှတ်တရစာအုပ်သက်သက် မဟုတ်ပါဘူး။

စိတ်ဒါဏ်ရာ ( Trauma ) ကနေ ကုစားခြင်း (healing) ဆီ၊ ကြောက်ရွံ့မှုကနေ လွတ်လပ်မှုဆီ၊ အတိတ်ရဲ့အကျဉ်းသားဘဝကနေ မျှော်လင့်ချက်ရှိတဲ့အနာဂတ်ဆီ ဘယ်လိုလျှောက်လှမ်းနိုင်မလဲ ဆိုတာ ပြောပြတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

ဒီစာအုပ်က ဒုက္ခကို romanticize မလုပ်ပါဘူး။ နာကျင်မှုကိုလည်း ငြင်းပယ်မထားပါဘူး။

ဒါပေမယ့် နာကျင်မှုရဲ့နောက်မှာတောင် ရွေးချယ်စရာတစ်ခု ရှိနေသေးတယ် လို့ သတိပေးပါတယ်။

အတိတ်ကို ပြန်ပြောင်းလို့ မရနိုင်ပေမယ့်

ဒီနေ့ကစပြီး ကိုယ့်ဘဝရဲ့ နောက်စာမျက်နှာသစ်ကို ဘယ်လိုရေးမလဲဆိုတာတော့ ရွေးချယ်နိုင်ပါတယ်။

The Choice ရဲ့ အဓိက message ကတော့

“ဖြစ်ခဲ့တာကို မရွေးချယ်နိုင်ခဲ့ပေမယ့်၊ အဲဒီအဖြစ်အပျက်ပြီးနောက် ဘယ်လိုဆက်လက်ရှင်သန်မလဲဆိုတာကိုတော့ ရွေးချယ်နိုင်ပါတယ်။” ဆိုတဲ့အချက်ဖြစ်ပါတယ်။

Eger, Edith Eva. The Choice: Embrace the Possible. Scribner, 2017.