The Four Agreements
ဘဝကို ပိုမိုလွတ်လပ်ပေါ့ပါးစေမယ့် သဘောတူညီချက် (၄) ချက်
စာရေးသူ - Don Miguel Ruiz
တစ်ခါတလေ ကျွန်မတို့ဘဝကို ပင်ပန်းစေတာက ပြင်ပက အခြေအနေတွေကြောင့်ချည်း မဟုတ်ပါဘူး။ သူများပြောတဲ့စကားကို ဘယ်လိုခံယူလိုက်သလဲ၊ ကိုယ့်ကိုယ်ကို ဘယ်လိုပြောနေသလဲ၊ မသေချာတဲ့အရာတွေကို ဘယ်လိုထင်မြင်ဆုံးဖြတ်လိုက်သလဲဆိုတာတွေကလည်း ကျွန်မတို့ရဲ့ စိတ်အေးချမ်းမှုကို အများကြီး သက်ရောက်စေပါတယ်။
Don Miguel Ruiz ရဲ့ The Four Agreements ဆိုတဲ့စာအုပ်က ဒီလို စိတ်ပင်ပန်းမှုတွေကနေ ပိုမိုလွတ်လပ်ပြီး ရိုးရှင်းအေးချမ်းတဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်ဖို့ အခြေခံမူ (၄) ချက်ကို မျှဝေပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။
စာရေးသူ Don Miguel Ruiz ဟာ မက္ကဆီကိုနိုင်ငံသား စာရေးဆရာတစ်ဦးဖြစ်ပြီး ရှေးဟောင်း Toltec wisdom ကို ခေတ်သစ်လူနေမှုဘဝနဲ့ ဆက်စပ်ပြီး ရိုးရှင်းနားလည်လွယ်တဲ့ပုံစံနဲ့ ရေးသားတင်ပြသူဖြစ်ပါတယ်။ The Four Agreements ဟာ သူ့ရဲ့ အကျော်ကြားဆုံးစာအုပ်ဖြစ်ပြီး လူတွေရဲ့ အတွေးအခေါ်၊ ဆက်ဆံရေးနဲ့ ကိုယ့်ကိုယ်ကို မြင်တဲ့အမြင်တွေကို ပြန်လည်သုံးသပ်စေတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။
၁။ Be Impeccable with Your Word
ကိုယ့်စကားကို တာဝန်ယူပါ
စကားလုံးဟာ အလွန်အစွမ်းထက်ပါတယ်။ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းက တစ်ယောက်ယောက်ကို အားတက်စေနိုင်သလို စိတ်နာကျင်စေနိုင်ပါတယ်။ သူများကို ပြောတဲ့စကားသာမက ကိုယ့်ကိုယ်ကို ပြောနေတဲ့စကားတွေကလည်း အရေးကြီးပါတယ်။
“ငါမတော်ဘူး၊ ငါမဖြစ်နိုင်ဘူး၊ ငါကံမကောင်းဘူး” လို့ ကိုယ့်ကိုယ်ကို အမြဲပြောနေမယ်ဆိုရင် ဒီစကားတွေဟာ ကိုယ့်ဘဝကို တဖြည်းဖြည်း ချုပ်နှောင်လာနိုင်ပါတယ်။
ဒါကြောင့် စကားကို အမှန်တရား၊ ကြင်နာမှုနဲ့ တာဝန်ယူမှုရှိရှိ အသုံးပြုဖို့ ဒီအချက်က သတိပေးပါတယ်။
၂။ Don’t Take Anything Personally
အရာရာကို ကိုယ့်ကို ရည်ရွယ်တယ်လို့ မခံယူပါနဲ့
သူများက ကိုယ့်ကို ဝေဖန်လိုက်တဲ့အခါ၊ မကြိုက်တဲ့စကားပြောလိုက်တဲ့အခါ စိတ်ထိခိုက်သွားဖို့ လွယ်ပါတယ်။
ဒါပေမယ့် စာရေးသူကတော့ လူတစ်ယောက်ပြောတဲ့စကားနဲ့ သူ့ရဲ့အပြုအမူတွေဟာ ကိုယ့်အကြောင်းထက် သူ့အတွင်းကမ္ဘာ၊ သူ့အတွေ့အကြုံ၊ သူ့ခံစားချက်တွေအကြောင်း ပိုပြီးဖော်ပြနေတတ်တယ် လို့ ဆိုပါတယ်။
သူများရဲ့စကားတိုင်းကို ကိုယ့်နှလုံးသားထဲထည့်ထားမယ်ဆိုရင် ကိုယ့်စိတ်အေးချမ်းမှုရဲ့သော့ကို သူများလက်ထဲ အပ်ထားသလို ဖြစ်သွားနိုင်ပါတယ်။
ဒီအချက်ကို လေ့ကျင့်နိုင်လာတဲ့အခါ သူများရဲ့အမြင်ကြောင့် အလွယ်တကူ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း မဖြစ်တော့ဘဲ ကိုယ့်စိတ်ကိုယ် ပိုပြီးထိန်းနိုင်လာပါတယ်။
၃။ Don’t Make Assumptions
မသေချာဘဲ ကိုယ့်စိတ်နဲ့ကိုယ် ခန့်မှန်းထင်မြင် ယူဆချက်အခြေခံပြီး မဆုံးဖြတ်ပါနဲ့
“သူငါ့ကို မခေါ်ဘူးဆိုတော့ ငါ့ကိုမကြိုက်တော့ဘူးထင်တယ်။”
“သူဒီလိုပြောတာ ငါ့ကို စော်ကားတာဖြစ်မယ်။”
“သူဘာမှမပြောဘူးဆိုတော့ ငါ့ကို စိတ်ဆိုးနေတာဖြစ်မယ်။”
တကယ်တော့ ဘာဖြစ်နေလဲဆိုတာ မသိသေးဘဲ ကိုယ့်စိတ်ထဲမှာ ဇာတ်လမ်းတစ်ပုဒ် ရေးပြီး ကိုယ့်ဘာသာကိုယ် နာကျင်နေတတ်ကြပါတယ်။
ဒီစာအုပ်ကတော့ မသေချာရင် မေးပါ၊ ရှင်းရှင်းလင်းလင်း ဆက်သွယ်ပါ၊ ကိုယ့်ထင်မြင်ချက်ကို အမှန်တရားလို့ မယူဆပါနဲ့ လို့ သတိပေးပါတယ်။
လူမှုဆက်ဆံရေးထဲက နားလည်မှုလွဲခြင်းတွေ အများကြီးဟာ တကယ်ဖြစ်ခဲ့တဲ့အရာကြောင့်ထက် ကိုယ်ဖာသာကိုယ် ထင်မြင်ယူဆထားတဲ့အရာတွေကြောင့် ဖြစ်လာတတ်ပါတယ်။
၄။ Always Do Your Best
ကိုယ်တတ်နိုင်သမျှ အကောင်းဆုံးလုပ်ပါ
ဒီအချက်ကို ကျွန်မအထူးသဘောကျပါတယ်။
“အကောင်းဆုံးလုပ်ပါ” ဆိုတာ အမြဲတမ်း perfect ဖြစ်ရမယ် လို့ ဆိုလိုတာမဟုတ်ပါဘူး။
ဒီနေ့ ကိုယ်ကျန်းမာပြီး စိတ်အားထက်သန်နေတဲ့အချိန်မှာ လုပ်နိုင်တဲ့အကောင်းဆုံးနဲ့၊ နေမကောင်းတဲ့နေ့မှာ လုပ်နိုင်တဲ့အကောင်းဆုံးဟာ မတူနိုင်ပါဘူး။ အသက်အရွယ်၊ အခြေအနေ၊ စိတ်ခံစားချက်နဲ့ ကိုယ်ခန္ဓာအင်အားအလိုက် “အကောင်းဆုံး” ဆိုတာ ပြောင်းလဲနိုင်ပါတယ်။
အရေးကြီးတာက သူများနဲ့ယှဉ်ပြိုင်ပြီး ပြီးပြည့်စုံဖို့ မဟုတ်ဘဲ ကိုယ်ရောက်နေတဲ့အခြေအနေထဲကနေ ကိုယ်တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားနေဖို့ ဖြစ်ပါတယ်။
အဲဒီလိုနေတတ်လာရင် မအောင်မြင်တဲ့အချိန်မှာလည်း ကိုယ့်ကိုယ်ကို အလွန်အကျွံအပြစ်တင်နေစရာ မလိုတော့ပါဘူး။
ဒီစာအုပ်က ကျွန်မကို ဘာသင်ပေးသလဲ
The Four Agreements ကို ဖတ်ပြီးတဲ့အခါ သိလာရတာတစ်ခုက ဘဝကိုပြောင်းလဲဖို့ဆိုတာ အပြင်လောကတစ်ခုလုံးကို အရင်ပြောင်းလဲဖို့ မလိုပါဘူး။ ကိုယ့်ရဲ့စကား၊ အတွေး၊ ခံယူပုံနဲ့ တုံ့ပြန်ပုံတွေကနေ စတင်ပြောင်းလဲနိုင်ပါတယ်။
ကိုယ့်စကားကို တာဝန်ယူမယ်။
သူများရဲ့စကားတိုင်းကို ကိုယ့်အပေါ်မယူဘူး။
မသေချာတဲ့အရာကို ကိုယ့်စိတ်နဲ့ကိုယ် မဆုံးဖြတ်ဘူး။
ပြီးတော့ ကိုယ်တတ်နိုင်သမျှ အကောင်းဆုံးလုပ်မယ်။
ဒီအချက်လေးချက်ဟာ ဖတ်ရတာတော့ ရိုးရှင်းပါတယ်။ ဒါပေမယ့် နေ့စဉ်ဘဝထဲမှာ တကယ်ကျင့်သုံးဖို့တော့ အချိန်ယူရပါတယ်။
ကျွန်မတို့ရဲ့ စိတ်ပင်ပန်းမှုတချို့ဟာ ဘဝမှာဖြစ်ပျက်နေတဲ့အရာတွေကြောင့်သာမက အဲဒီအရာတွေကို ကျွန်မတို့ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုပြီး ဘယ်လိုတုံ့ပြန်သလဲဆိုတာကြောင့်လည်း ဖြစ်လာတတ်ပါတယ်။
ဒါကြောင့် The Four Agreements ဟာ ဘဝကို ရှုပ်ထွေးတဲ့နည်းလမ်းတွေနဲ့ ပြောင်းလဲခိုင်းတဲ့စာအုပ်မဟုတ်ဘဲ ကိုယ့်အတွင်းစိတ်ကို နားလည်လာဖို့၊ ဆက်ဆံရေးတွေ ပိုကောင်းလာဖို့နဲ့ ဘဝကို ပိုမိုလွတ်လပ်ပေါ့ပါးစွာ နေတတ်လာဖို့ လမ်းညွှန်ပေးတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
အနှစ်ချုပ်ရရင်
စကားကို သတိထားပါ။
အရာရာကို ကိုယ့်ကိုရည်ရွယ်တယ်လို့မယူဆပါနဲ့။
မသေချာဘဲ မဆုံးဖြတ်ပါနဲ့။
ကိုယ်တတ်နိုင်သမျှ အကောင်းဆုံးလုပ်ပါ။
ရိုးရှင်းတဲ့ စည်းမျဉ်းလေးချက်ပေမယ့် နေ့စဉ်ဘဝမှာ တဖြည်းဖြည်း ကျင့်သုံးနိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကို နားလည်မှု၊ လူတွေနဲ့ဆက်ဆံရေးနဲ့ စိတ်အေးချမ်းမှုတို့မှာ အပြောင်းအလဲကောင်းတွေ ဖြစ်လာနိုင်ပါတယ်။
Ruiz, Don Miguel. The Four Agreements. Amber-Allen Publishing, 1997.