The Gifts of Imperfection
မပြည့်စုံခြင်းထဲက လက်ဆောင်များ
စာရေးသူ — Brené Brown
စာရေးသူအကြောင်း အနည်းငယ်
Brené Brown ဟာ အမေရိကန်နိုင်ငံက သုတေသီ၊ စာရေးဆရာမနဲ့ တက္ကသိုလ်ပါမောက္ခတဦး ဖြစ်ပါတယ်။ သူမဟာ လူတွေရဲ့ အားနည်းချက်ကို လက်ခံနိုင်ခြင်း (vulnerability), ရှက်ကြောက်မှု (shame), သတ္တိ (courage), စာနာနားလည်မှု (empathy) နဲ့ လူအချင်းချင်း ဆက်နွယ်မှုတို့ကို နှစ်ပေါင်းများစွာ သုတေသနပြုလေ့လာခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့စာအုပ်တွေမှာ သီအိုရီတွေကိုသာ ပြောတာမဟုတ်ဘဲ သုတေသနတွေ၊ လူတွေရဲ့ဘဝအတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး နားလည်လွယ်တဲ့ စကားပြောဟန်နဲ့ ရေးသားထားတာကြောင့် လူအများကြားမှာ လူသိများလာခဲ့ပါတယ်။ The Gifts of Imperfection ကလည်း “ပြီးပြည့်စုံတဲ့လူတယောက် ဖြစ်ဖို့ကြိုးစားခြင်းထက် ကိုယ်ဖြစ်နေတဲ့အတိုင်း ကိုယ့်ကိုယ်ကို လက်ခံပြီး စိတ်နှလုံးအပြည့်နဲ့ အသက်ရှင်တတ်ဖို့” အားပေးထားတဲ့ သူမရဲ့ လူသိများတဲ့စာအုပ်တွေထဲက တအုပ်ဖြစ်ပါတယ်။
လူတိုင်းက ကိုယ့်ဘဝကို ပိုကောင်းအောင် နေချင်ကြပါတယ်။
ပိုတော်ချင်တယ်၊
ပိုအောင်မြင်ချင်တယ်၊
လူတွေရဲ့ အသိအမှတ်ပြုမှုကိုလည်း ခံချင်တယ်။
တခါတလေတော့ သူများတွေရဲ့အမြင်ထဲမှာ “ငါဟာ အဆင်ပြေနေတဲ့သူ၊ အောင်မြင်နေတဲ့သူ” လို့ မြင်စေချင်ကြပါတယ်။
ဒါပေမဲ့ ဒီလိုကြိုးစားနေရင်းနဲ့ မေးခွန်းတခု ပေါ်လာပါတယ်။
ကိုယ်ဟာ ကိုယ်တကယ်ဖြစ်နေတဲ့အတိုင်း၊ အရှိအရှိအတိုင်း ကိုယ့်ကိုယ်ကိုရော လက်ခံနိုင်ရဲ့လား။
Brené Brown ရဲ့ The Gifts of Imperfection စာအုပ်က ဒီမေးခွန်းကို အဓိကထားပြီး ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ရဲ့ အဓိကအယူအဆကို ရိုးရိုးလေးပြောရရင်
ပြည့်စုံအောင် ကြိုးစားနေခြင်းထက် ကိုယ်ဖြစ်နေတဲ့အတိုင်း ကိုယ့်ကိုယ်ကို လက်ခံပြီး စိတ်နှလုံးအပြည့်နဲ့ အသက်ရှင်တတ်ဖို့က ပိုအရေးကြီးတယ်ဆု်တဲ့အချက်ဖြစ်ပါတယ်။
မပြည့်စုံခြင်းဟာ ဆုံးရှုံးခြင်းမဟုတ်ဘူး
ကျွန်မတို့ဟာ ငယ်ငယ်ကတည်းက အမှားမလုပ်ဖို့၊ လူကဲ့ရဲ့မခံရဖို့၊ သူများထက်မနိမ့်ကျဖို့ သင်ယူလာကြတတ်ပါတယ်။
အဲဒီလိုနဲ့ အသက်ကြီးလာတဲ့အခါ ကိုယ့်အတွင်းစိတ်မှာ မမြင်ရတဲ့ စံနှုန်းတွေ ရှိလာတတ်ပါတယ်။
“ဒီလောက်တော့ အောင်မြင်ရမယ်။”
“သူများက ငါ့ကို ဒီလိုမြင်ရမယ်။”
“အမှားလုပ်လို့ မဖြစ်ဘူး။”
“မိမိအားနည်းတာကို မပြရဘူး။”
ဒီလိုစိတ်ထားမျိုးကို perfectionism - အရာရာပြည့်စုံအောင် ကြိုးစားနေခြင်း လို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ Brené Brown က perfectionism ကို တိုးတက်ချင်တဲ့စိတ်နဲ့ မတူဘူးလို့ ထောက်ပြပါတယ်။
တိုးတက်ချင်တာက
“ငါ ဘယ်လိုပိုကောင်းလာနိုင်မလဲ” လို့ စဉ်းစားတာဖြစ်ပါတယ်။
Perfectionism ကတော့
“သူများတွေ ငါ့ကို ဘယ်လိုမြင်မလဲ” ဆိုတဲ့စိတ်နဲ့ ပိုဆိုင်ပါတယ်။
အဲဒီနှစ်ခုက အပြင်ပန်းကြည့်ရင် ဆင်တူသလိုရှိပေမဲ့ အတွင်းမှာတော့ အများကြီးကွာခြားနေပါတယ်။
- ကိုယ်ဖြစ်နေတဲ့အတိုင်း ရပ်တည်ရဲခြင်း
ဒီစာအုပ်ထဲမှာ ကျွန်မသဘောကျတဲ့အချက်တခုက authenticity ကိုယ်ဖြစ်နေတဲ့အတိုင်း ရိုးသားစွာ ရပ်တည်ခြင်း ဖြစ်ပါတယ်။
တကယ်တော့ ကိုယ်ဖြစ်နေတဲ့အတိုင်း နေရတာ မလွယ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ လူတွေရဲ့ လက်ခံမှုကို ကျွန်မတို့ လိုချင်ကြလို့ပါ။
တချို့အချိန်မှာ လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုယ့်အမြင်ကို ဖုံးထားမိတယ်။
တချို့အချိန်မှာ ကိုယ်မကြိုက်တာကို ကြိုက်သလို လုပ်မိတယ်။
တချို့အချိန်မှာ ကိုယ်နာကျင်နေတာကိုတောင် “အဆင်ပြေပါတယ်” လို့ ပြောမိတယ်။
ဒီလိုနဲ့ တဖြည်းဖြည်း ကိုယ်တကယ်ဖြစ်နေတဲ့သူနဲ့ လူတွေကို ပြချင်တဲ့သူကြား အကွာအဝေး ပိုပိုကြီးထွားလာနိုင်ပါတယ်။
Brené Brown ကတော့ ကိုယ်ဖြစ်နေတဲ့အတိုင်း ရပ်တည်ခြင်းဟာ နေ့စဉ်ရွေးချယ်ရတဲ့ သတ္တိတမျိုး ဖြစ်တယ်လို့ သင်ပေးပါတယ်။
- အားနည်းချက်ကို ပြနိုင်ခြင်းဟာ အားနည်းတာမဟုတ်ဘူး
နောက်ထပ် အရေးကြီးတဲ့အကြောင်းအရာတခုက vulnerability ဖြစ်ပါတယ်။
ကိုယ့်ရဲ့ မသေချာမှု၊ ကြောက်ရွံ့မှု၊ နာကျင်မှု၊ မပြည့်စုံမှုတွေကို ရိုးသားစွာ လက်ခံနိုင်ခြင်းကို ဆိုလိုပါတယ်။
လူအများက အားနည်းချက်ပြတာကို ရှုံးနိမ့်ခြင်းလို့ ထင်တတ်ကြပါတယ်။
တကယ်တော့
မသိတာကို “မသိဘူး” လို့ အမှန်အတိုင်း ပြောရဲဘို့ သတ္တိလိုပါတယ်။
မှားမိတာတွေကို “မှားသွားတယ်” လို့ အမှန်တိုင်းဝန်ခံရဲဘို့ သတ္တိလိုပါတယ်။
အကူအညီလိုရက်သားနဲ့ “အကူအညီလိုတယ်” လို့ ပြောရဲတာလည်း သတ္တိလိုပါတယ်။
အမှန်တကယ်တော့ ကိုယ့်အားနည်းချက်ကို ဖုံးကွယ်ထားခြင်းထက် အမှန်အတိုင်း ရင်ဆိုင်နိုင်ခြင်းက ပိုပြီးခွန်အားရှိတာ ဖြစ်ပါတယ်။
- ကိုယ့်ရဲ့တန်ဖိုးကို သူများလက်ထဲ မအပ်ထားပါနဲ့
ဒီစာအုပ်က ကျွန်မကို ပြန်စဉ်းစားစေတဲ့ အရေးကြီးဆုံးအရာတွေထဲက တခုက self-worth ကိုယ့်တန်ဖိုးကို ကိုယ်သိခြင်း ဖြစ်ပါတယ်။
တခါတလေ ကျွန်မတို့ဟာ ကိုယ့်တန်ဖိုးကို သူများတွေရဲ့လက်ထဲ အပ်ထားမိကြပါတယ်။
သူများချီးကျူးရင် ပျော်တယ်။
ဝေဖန်ရင် စိတ်ကျတယ်။
အသိအမှတ်ပြုရင် ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်လို့ ခံစားတယ်။
လျစ်လျူရှုခံရရင် ကိုယ်ဟာ တန်ဖိုးမရှိသလို ခံစားမိတယ်။
အဲဒီလိုဆိုရင် ကိုယ့်ရဲ့ပျော်ရွှင်မှုကို သူများတွေရဲ့ အမြင်က ထိန်းချုပ်နေသလို ဖြစ်သွားပါတယ်။
ကိုယ့်တန်ဖိုးဟာ အောင်မြင်မှု၊ ပိုင်ဆိုင်မှု၊ လူကြိုက်များမှု၊ ရာထူးနဲ့ မဆုံးဖြတ်သင့်ပါဘူး။
“ငါဟာ အခုဖြစ်နေတဲ့အတိုင်းပဲ ချစ်ခြင်းနဲ့ လက်ခံခြင်းကို ခံထိုက်သူဖြစ်တယ်” ဆိုတဲ့ အသိရှိဖို့လိုပါတယ်။
- ရှက်ကြောက်မှုက လူကို ပုန်းကွယ်စေတယ်
Brené Brown ရဲ့ လေ့လာမှုတွေထဲမှာ shame ရှက်ကြောက်ခြင်း အကြောင်းလည်း အရေးကြီးပါတယ်။
အမှားလုပ်မိတဲ့အခါ
“ငါ အမှားလုပ်မိတယ်” လို့ တွေးတာနဲ့
“ငါက မကောင်းတဲ့သူပဲ” လို့ တွေးတာ မတူပါဘူး။
ပထမတခု “ငါ အမှားလုပ်မိတယ်” ဆိုတဲ့ အမှန်အတိုင်း လက်ခံခြင်းက ကိုယ့်အမှားကို ပြင်နိုင်စေပါတယ်။
ဒုတိယတခု အမှားလုပ်မိတာနဲ့ “ငါက မကောင်းတဲ့သူပဲ” ဆိုတဲ့ ခံယူချက်ကတော့ ကိုယ့်တန်ဖိုးကိုပါ ဖျက်ဆီးပစ်နိုင်ပါတယ်။
လူတိုင်း အမှားလုပ်ကြပါတယ်။ မအောင်မြင်တာတွေ ရှိပါတယ်။ ဆုံးဖြတ်ချက်မှားတာတွေလည်း ရှိပါတယ်။
ဒါပေမဲ့ ကိုယ်လုပ်ခဲ့တဲ့အမှားဟာ ကိုယ်ဘယ်သူဖြစ်တယ်ဆိုတာကို အပြီးသတ်သတ်မှတ်ပေးတာ မဟုတ်ပါဘူး။
- ကျေးဇူးတင်တတ်ခြင်းနဲ့ ပျော်ရွှင်မှု
စာအုပ်ထဲက နောက်ထပ်လှပတဲ့အချက်တခုက gratitude နဲ့ joy အကြောင်း ဖြစ်ပါတယ်။
လူအများက
“ငါပျော်ရွှင်လာတဲ့အခါ ကျေးဇူးတင်မယ်” လို့ ထင်တတ်ကြပါတယ်။
ဒါပေမဲ့ Brown ရဲ့အမြင်ကတော့ ပြောင်းပြန်ပါ။
ကျေးဇူးတင်တတ်တဲ့အလေ့အကျင့်က ပျော်ရွှင်မှုကို ပိုမြင်တတ်စေပါတယ်။
ဘဝမှာ အရာအားလုံးပြည့်စုံသွားမှ ပျော်ရမယ်ဆိုရင် ပျော်ရွှင်ဖို့ အမြဲစောင့်နေရပါလိမ့်မယ်။
ဒီနေ့ ရှိနေတဲ့အရာလေးတွေကို မြင်တတ်ဖို့လိုပါတယ်။
ဥပမာ။
မိသားစု၊ မိတ်ဆွေ၊ စားစရာတနပ်၊ နံနက်ခင်းတခု၊ ကျန်းမာနေတဲ့နေ့တနေ့၊ ကိုယ့်ကိုချစ်တဲ့သူတယောက် စသဖြင့်။
နေ့တိုင်း သမရိုးကျ သာမန်ဖြစ်လို့ ကျွန်မတို့ သတိမထားမိတဲ့အရာတွေဟာ တခါတလေ ဘဝရဲ့ တန်ဖိုးအရှိဆုံး လက်ဆောင်တွေ ဖြစ်နေတတ်ပါတယ်။
ဒီစာအုပ်က ကျွန်မကို ဘာသင်ပေးသလဲ
The Gifts of Imperfection ကို ဖတ်ပြီး ကျွန်မပြန်စဉ်းစားမိတာကတော့
ဘဝရဲ့ရည်ရွယ်ချက်ဟာ perfect person တယောက်ဖြစ်လာဖို့ မဟုတ်ပါဘူး။
ကိုယ်ဖြစ်နေတဲ့အတိုင်း ရိုးသားစွာ နေတတ်ဖို့၊
ကိုယ့်အမှားကို လက်ခံပြီး သင်ယူတတ်ဖို့၊
ကိုယ့်အားနည်းချက်ကို မရှက်ဖို့၊
သူများရဲ့အမြင်ကြောင့် ကိုယ့်တန်ဖိုးကို မဆုံးဖြတ်ဖို့၊
ချစ်ခြင်းနဲ့ ကျေးဇူးတင်ခြင်းကို လက်ခံတတ်ဖို့ ဖြစ်ပါတယ်။
ကျွန်မတို့အားလုံးမှာ မပြည့်စုံမှုတွေ ရှိပါတယ်။
ဒါပေမဲ့ မပြည့်စုံမှုတွေကို ဖုံးကွယ်ပြီး perfect ဖြစ်သလို ဟန်ဆောင်ပြနေခြင်းထက်၊ အဲဒီမပြည့်စုံမှုတွေကို လက်ခံပြီး ပိုကောင်းတဲ့လူတယောက်ဖြစ်လာအောင် သင်ယူခြင်းက ပိုအဓိပ္ပါယ်ရှိပါတယ်။
တကယ်တော့
မပြည့်စုံခြင်းဟာ ဖုံးကွယ်ထားရမယ့် အရှက်တရားတခု မဟုတ်ပါဘူး။
တခါတလေ ကိုယ့်ရဲ့မပြည့်စုံမှုကို လက်ခံနိုင်တဲ့နေ့ကစပြီး ကိုယ့်ဘဝကို လွတ်လပ်စွာ အသက်ရှင်နိုင်ခြင်း စတင်လာတာဖြစ်ပါတယ်။
ဒါကြောင့် ဒီစာအုပ်ရဲ့ message ကို စကားတခွန်းနဲ့ ပြောရမယ်ဆိုရင်
“Perfect ဖြစ်ဖို့ မလိုပါဘူး။ ကိုယ်ဖြစ်နေတဲ့အတိုင်း ရိုးသားစွာ လက်ခံပြီး အဓိပ္ပါယ်ရှိရှိ အသက်ရှင်တတ်ဖို့ပဲ လိုပါတယ်။”
Brown, Brené. The Gifts of Imperfection. Hazelden Publishing, 2010.