Robert Greene ရေးသားတဲ့ The Laws of Human Nature (လူ့သဘာဝ၏ နိယာမများ) စာအုပ်ဟာ လူတွေ ဘာကြောင့် ဒီလိုပြုမူကြသလဲ၊ ဘာကြောင့် ဒီလိုစဉ်းစားကြသလဲ၊ ကိုယ့်ကိုယ်ကိုယ်နဲ့ သူတစ်ပါးကို ဘယ်လိုပိုမိုနားလည်နိုင်မလဲ ဆိုတာကို စိတ်ပညာ၊ သမိုင်း၊ ဒဿနနဲ့ လူ့အပြုအမူတွေကို အခြေခံပြီး ရှင်းပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

စာအုပ်မှာ လူ့သဘာဝနိယာမ ၁၈ ချက် ကို ဖော်ပြထားပါတယ်။

အကြောင်းအကျိုးမဲ့ စိတ်ခံစားမှု၏ နိယာမ (Law of Irrationality)


လူတွေဟာ ကိုယ့်ကိုယ်ကို ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်တယ်လို့ ထင်တတ်ပေမယ့် တကယ်တော့ ဒေါသ၊ ကြောက်ရွံ့မှု၊ မာန၊ မနာလိုမှု၊ မလုံခြုံမှု စတဲ့ စိတ်ခံစားချက်တွေက ဆုံးဖြတ်ချက်များစွာကို လွှမ်းမိုးနေပါတယ်။ ကိုယ့်စိတ်ခံစားချက်ကို သိမြင်ပြီးမှ တုံ့ပြန်တတ်ဖို့ အရေးကြီးပါတယ်။

ကိုယ့်ကိုယ်ကို ဗဟိုပြုခြင်း၏ နိယာမ (Law of Narcissism)


လူတိုင်းမှာ ကိုယ့်ကိုယ်ကို ဗဟိုပြုတတ်တဲ့ သဘော အနည်းနဲ့အများရှိပါတယ်။ ကိုယ့်အမြင်တစ်ခုတည်းနဲ့ သူတစ်ပါးကို မဆုံးဖြတ်ဘဲ သူ့နေရာကနေ ဝင်ကြည့်နိုင်တဲ့ စာနာနားလည်မှု (empathy) ကို မွေးမြူဖို့ Greene က အလေးပေးပါတယ်။

အခန်းကဏ္ဍ သရုပ်ဆောင်ခြင်း၏ နိယာမ (Law of Role-Playing)


လူတွေဟာ လူမှုဘဝထဲမှာ ကိုယ့်ရဲ့အစစ်အမှန်ကို အမြဲမပြကြပါဘူး။ ကိုယ်လိုချင်တဲ့ ပုံရိပ်တစ်ခုကို ဖန်တီးပြသတတ်ကြပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ စကားထက် သူအမြဲတမ်း ဘာလုပ်နေသလဲ ဆိုတာကို ပိုကြည့်သင့်ပါတယ်။

ထပ်တလဲလဲ အပြုအမူ၏ နိယာမ (Law of Compulsive Behavior)


လူတစ်ယောက်ရဲ့ စရိုက်ကို တစ်ကြိမ်တည်းလုပ်တဲ့ ကောင်းမှု၊ မကောင်းမှုနဲ့ တွေနဲ့ မဆုံးဖြတ်သင့်ပါဘူး။ အချိန်ကြာလာတဲ့အခါ ထပ်ခါတလဲလဲ ပြုမူနေတဲ့ pattern က သူ့စရိုက်ကသာ ပိုမိုဖော်ပြပေးပါတယ်။

မရနိုင်တာကို ပိုလိုချင်ခြင်း၏ နိယာမ (Law of Covetousness)


လူတွေဟာ မရနိုင်တဲ့အရာ၊ ရှားပါးတဲ့အရာ၊ သူတစ်ပါးပိုင်ဆိုင်ထားတဲ့အရာတွေကို ပိုလိုချင်တတ်ကြပါတယ်။ လူ့လိုအင်ဆန္ဒရဲ့သဘောသဘာဝက “မရှိတာကို ပိုတန်ဖိုးထားခြင်း” ဆိုတဲ့ သဘောရှိပါတယ်။

ရေတို ( သို့မဟုတ်) အနီးအမြင်၏ နိယာမ (Law of Shortsightedness)


ချက်ချင်းဖြစ်နေတဲ့ ပြဿနာနဲ့ အကျိုးအမြတ်ကိုပဲ ကြည့်ပြီး ရေရှည်အကျိုးဆက်ကို မမြင်တတ်ကြပါဘူး။ ဆုံးဖြတ်ချက်တစ်ခုချမယ့်အခါ “ဒီဆုံးဖြတ်ချက်က ၅ နှစ်၊ ၁၀ နှစ်နောက်မှာ ဘယ်ကိုပို့မလဲ” လို့ မေးတတ်ဖို့ လိုပါတယ်။

ခုခံကာကွယ်ခြင်း၏ နိယာမ (Law of Defensiveness)


လူတစ်ယောက်ရဲ့ ယုံကြည်ချက်ကို တိုက်ရိုက်တိုက်ခိုက်လိုက်ရင် သူ့အမြင်ပြောင်းလာတာထက် သူတို့ကိုသူတို့ ပိုပြီးကာကွယ်လာတတ်ပါတယ်။ လူတွေကို လေးစားမှုနဲ့ နားထောင်ပေးခြင်းက ပြောင်းလဲမှုအတွက် ပိုထိရောက်ပါတယ်။

မိမိကိုယ်ကို ဖျက်ဆီးခြင်း၏ နိယာမ (Law of Self-Sabotage)


တစ်ခါတလေ ကိုယ့်ဘဝကို အခြားသူတွေထက် ကိုယ့်အတွေးအခေါ်နဲ့ ကိုယ့်သဘောထားကပဲ ကိုယ့်ကို ပိုဖျက်ဆီးတတ်ပါတယ်။ “ငါမဖြစ်နိုင်ဘူး၊ ငါမလုပ်နိုင်ဘူး၊ လူတွေက ငါ့ကိုမကြိုက်ဘူး” ဆိုတဲ့အတွေးတွေက ကိုယ့်လုပ်ရပ်တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဖိနှိပ်ချိုးနှိမ်ခြင်း နိယာမ (Law of Repression)


လူတိုင်းမှာ ဒေါသ၊ မနာလိုမှု၊ လောဘ၊ မာန၊ အာဏာလိုချင်မှု စတဲ့ ကိုယ်မကြိုက်တဲ့ဘက်တွေရှိပါတယ်။ ကိုယ့်မှာ မနှစ်သက်ဘွယ်ရာ စရိုက်တွေ မရှိသလို ငြင်းပယ်ခြင်းထက် ကိုယ့်အတွင်းက မနှစ်သက်ဘွယ်ရာ စရိုက်တွေကို သိရှိလက်ခံနိုင်ခြင်း က ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့ ပိုပြီးအထောက်အကူပေးပါတယ်။

မနာလိုခြင်း၏ နိယာမ (Law of Envy)


မနာလိုမှုကို လူတွေက တိုက်ရိုက်ဝန်ခံခဲပါတယ်။ သူတစ်ပါးရဲ့ အောင်မြင်မှု၊ ဂုဏ်သိက္ခာ၊ ဉာဏ်ပညာ၊ အလှအပ၊ လူကြိုက်များမှုတို့ကြောင့် အတွင်းစိတ်မှာ မနာလိုမှု ဖြစ်ပေါ်နိုင်ပါတယ်။ မိမိကိုယ်ကို မနာလိုမှုရှိတာကို သတိထားမိဘို့လိုအပ်ပါတယ်။

မိမိကိုယ်ကို အလွန်အကျွံကြီးမြတ်တယ်ထင်ခြင်း၏ နိယာမ (Law of Grandiosity)


အောင်မြင်မှုနဲ့ အာဏာရလာတဲ့အခါ လူတစ်ယောက်ဟာ “ငါမှန်တယ်၊ ငါသိတယ်” ဆိုတဲ့ စိတ်ဝင်လာနိုင်ပါတယ်။ ယုံကြည်မှုကောင်းပေမယ့် ဝေဖန်မှုကို လက်မခံနိုင်တော့ခြင်း က အန္တရာယ်ရှိပါတယ်။

ကျား/မ အခန်းကဏ္ဍကို တင်းကျပ်စွာသတ်မှတ်ခြင်း၏ နိယာမ (Law of Gender Rigidity)


လူတစ်ယောက်အတွင်းမှာ လူ့အဖွဲ့အစည်းက “ယောက်ျားဆန်တယ်၊ မိန်းမဆန်တယ်” လို့ သတ်မှတ်ထားတဲ့ အရည်အသွေးနှစ်မျိုးစလုံး ရှိနိုင်ပါတယ်။ လူမှုဓလေ့က သတ်မှတ်ထားတဲ့ ဘောင်ထဲမှာပဲ မိမိကိုယ်ကို ပိတ်မထားသင့်ဘူးလို့ Greene က ဆိုပါတယ်။

ဦးတည်ချက်မဲ့ခြင်း၏ နိယာမ (Law of Aimlessness)


ဘဝမှာ ရည်ရွယ်ချက်မရှိရင် ပတ်ဝန်းကျင်၊ ခေတ်ရေစီးကြောင်းနဲ့ သူများရဲ့မျှော်လင့်ချက်တွေက ကိုယ့်ဘဝကို ဦးဆောင်သွားနိုင်ပါတယ်။ ဘဝရည်ရွယ်ချက် ရှိဖို့ အရေးကြီးပါတယ်။

အုပ်စုနောက်လိုက်ခြင်း၏ နိယာမ (Law of Conformity)


ကိုယ်တစ်ယောက်တည်းဆို မလုပ်မယ့်အရာကို အုပ်စုထဲရောက်သွားရင် လုပ်တတ်ပါတယ်။ ကိုယ့်အုပ်စု၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာရေး၊ ကိုယ့်နိုင်ငံရေးအုပ်စုက ယုံကြည်တာဆိုတိုင်း အမှန်လို့ မယူဆဘဲ ကိုယ့်အုပ်စုကိုယ်တိုင်ကိုလည်း မေးခွန်းထုတ်နိုင်ဖို့ လိုပါတယ်။

မတည်ငြိမ်သော လူ့စိတ်၏ နိယာမ (Law of Fickleness)


လူတွေကို ဦးဆောင်ဖို့ ရာထူးတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ကောင်းမွန်တဲ့ ခေါင်းဆောင်တစ်ယောက်ဟာ ရည်ရွယ်ချက်၊ တည်ငြိမ်မှု၊ အရည်အချင်းနဲ့ ယုံကြည်မှုကို ဖန်တီးပေးနိုင်ရပါတယ်။

ရန်လိုမှု၏ နိယာမ (Law of Aggression)


ရန်လိုမှုဆိုတာ အမြဲတမ်း အော်ဟစ်ခြင်း၊ ရိုက်နှက်ခြင်းမျိုး မဟုတ်ပါဘူး။ ချုပ်ကိုင်ခြင်း၊ လှည့်စားခြင်း၊ passive aggression နဲ့ တခြားသူကို ထိန်းချုပ်လိုခြင်းတွေကနေလည်း ထွက်ပေါ်လာနိုင်ပါတယ်။

မျိုးဆက်အမြင်၏ နိယာမ (Law of Generational Myopia)


မျိုးဆက်တိုင်းကို သူတို့ကြီးပြင်းခဲ့တဲ့ ခေတ်၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ နည်းပညာတွေက ပုံဖော်ထားပါတယ်။ ဒါကြောင့် မျိုးဆက်တစ်ခုနဲ့တစ်ခု အမြင်မတူခြင်းဟာ “ဘယ်သူမှားတယ်” ဆိုတာမျိုး သတ်မှတ်လို့မရပါဘူး။

သေခြင်းကို ငြင်းပယ်ခြင်း၏ နိယာမ (Law of Death Denial)


လူတွေဟာ သေခြင်းအကြောင်း မတွေးချင်ကြပါဘူး။ တကယ်ဖြစ်သင့်တာကတော့ လူ့ဘဝဟာ အကန့်အသတ်ရှိတယ်ဆိုတာ သိရှိလက်ခံခြင်းက ဘယ်အရာကို တကယ်တန်ဖိုးထားသင့်သလဲ ဆိုတာ ပိုရှင်းလင်းလာစေပါတယ်။

……………………………………

စာအုပ်တစ်အုပ်လုံးကို

အနှစ်ချုပ်ရရင်

“သူတစ်ပါးကို မဆုံးဖြတ်ခင် ကိုယ့်ကိုယ်ကို နားလည်ပါ။ လူတစ်ယောက်ရဲ့ အပြင်ပန်းကို မယုံခင် လူ့သဘာဝကို နားလည်ပါ။”

ဒီစာအုပ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်တစ်ခုက လူသားတွေကို “လူကောင်း” နဲ့ “လူဆိုး” ဆိုပြီး ရိုးရိုးရှင်းရှင်း နှစ်မျိုးခွဲမထားတာပါ။

လူတစ်ယောက်တည်းရဲ့အတွင်းမှာပဲ မေတ္တာနဲ့ မနာလိုမှု၊ ရက်ရောမှုနဲ့ ကိုယ်ကျိုးရှာမှု၊ နှိမ့်ချမှုနဲ့ မာန၊ ဆင်ခြင်တုံတရားနဲ့ စိတ်ခံစားမှု တွေ အတူတကွ ရှိနေနိုင်ပါတယ်။

ဒါကြောင့် လူ့သဘာဝကို နားလည်ခြင်းဆိုတာ သူများရဲ့ အမှားကို ရှာဖွေခြင်းမဟုတ်ဘဲ၊ သူများထဲမှာ မြင်နေတဲ့ လူ့သဘာဝကို ကိုယ့်အတွင်းမှာလည်း ရှာဖွေသိမြင်နိုင်ခြင်း ဖြစ်ပါတယ်။

Greene, Robert. The Laws of Human Nature. Viking, 2018.